မိုးကုတ်မြို့တွင် စစ်သားများ အရပ်ဝတ်ဖြင့်ထွက်ပြေးနေ၍ ဒေသခံများ အိမ်ထဲ၌ နေထိုင်ရန်မိုးကုတ်ဗျူဟာသတိပေး
မိုးကုတ်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် ထွက်ပြေးနေ၍ လိုက်လံရှင်းလင်းနေပြီး ဒေသခံများ အိမ်ထဲ၌ နေထိုင်ပေးကြရန် မိုးကုတ်ဗျူဟာက သတိပေးချက် ထုတ်ပြန်သည်။
မိုးကုတ်မြို့မှစစ်ကောင်စီစခန်းများကို TNLA ၊MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့(ဇွန်လ ၂၈ ) နေ့လယ်၁၂နာရီခန့်တွင် မိုးကုတ်ဗျူဟာက အရေးပေါ် သတိပေးခြင်းဖြစ်သည်။
ဇွန်ဘ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်မှစတင်ကာ မိုးကုတ်မြို့ ထဲသို့ ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ပြေးတာ တွေ့တယ်။ ဘယ်သူမှ အပြင်မထွက်ဖို့ အချင်းချင်း သတိပေးနေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
TNLA ကလည်း ဇွန်လ ၂၇ရက် မိုးကုတ်မြို့နယ်တိုက်ပွဲအခြေအနေကို ထုတ်ပြန်ရာ အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းအား TNLAက ထိုးစစ်ဆင်ခဲ့ပြီး မိုးကုတ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထိုအပြင် မိုးကုတ် မြို့တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များက ဇွန် ၂၇ ရက်အထိ အေးစေတီ ခလရ(၁၄၈) တပ်စခန်း၊ မိုးကုတ်ရဲစခန်း ၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ရွှေသာယာ ၊ ပန်းသပြေ ၊ ဖြူရောင်ကုန်းရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထားသည်။ ကျန်ရှိနေသော စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။
မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်တွင် ဇွန် ၂၇ ရက်နေ့လည်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟုTNLA ကအသိပေးသည်။
Leave a Reply