ကာကွယ်ရေးဒုဝန်ကြီးဟောင်းကို အင်းစိန်ထောင်ပို့

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွေဖြစ်တဲ့ မတ္တရာနဲ့ ပြင်ဦးလွင်အစပ်နားအထိ စစ်ရေးခြိမ်းခြောက်ခံနေရချိန်မှာ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နဲ့ တပ်အရာရှိတချို့ စစ်ဆေးခံနေရပါတယ်။

တခါ အွန်လိုင်းငွေလိမ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထောင်ဆယ်နှစ်စီချထားတဲ့ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုးတို့ကို အင်းစိန်ထောင်ပို့လိုက်တယ် လို့ စစ်ရုံးနဲ့နီးစပ်တဲ့ သတင်အရင်းအမြစ်က ဘီဘီစီ ကိုပြောပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အပါအဝင် စစ်တပ်အရာရှိတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုအတည်ပြုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို မန္တလေးမှာ ပြုလုပ်နေပြီး ဖြစ်စဉ်မှာ လုပ်ဆောင်ခဲ့တဲ့ အချက်တွေနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေ၊ မျက်မြင်သက်သေတွေနဲ့ အနားမှာရှိတဲ့အရပ်သားတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တာဝန်ရှိတဲ့သူတွေနဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကို သုံးသပ်ပြီးမှ အရေးယူမှုတွေ ဆက်လုပ်မယ်လို့ သူကဆက်ပြောပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်း ဗိုလ်ချုပ်ကြည်ခိုင်ဟာ မကွေးတိုင်း၊ရေစကြိုဇာတိကဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်လာပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့တာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *