ဘုတလင် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့ရှိ စစ်ကောင်စီ အထိုင်ချ တပ်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဦးရေ၂၀ ခန့် သေဆုံးသွားကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့(ADRPA) တာဝန်ရှိသူထံက သိရသည်။

ဇွန်လ ၂၇ ရက် ညနေ ၃ နာရီခွဲ အချိန်မှ စ၍ နှစ်နာရီကြာ ပြင်းထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ADRPA တပ်ဖွဲ့ထံက သိရသည်။

“တိုက်ပွဲအတွင်းမှာ နှစ်နာရီလောက် PDF ဘက်က အသာစီးနဲ့ ကျည်မိုးထားနိုင်တယ်။ ရန်သူ့ဘန်ကာတွေ ဖျက်ဆီးနိုင်ခဲ့တယ် ၊ ဆက်ပြီးထိုးဖို့ နောက်က ထောက်ပို့အင်အား မရှိတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်” ဟု ADRPA တပ်ဖွဲ့ တာဝန်ရှိသူ ကိုလင်းနွေက ဆိုသည်။

ယင်းတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော် လေးဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့ ADRA တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း ၊ ထွေအုပ်ရုံး ၊ စာသင်ကျောင်း ၊ မြန်မာ့စီးပွါးရေးဘဏ် နှင့် မိုး ( ကိုယ်ပိုင်အထက်တန်းကျောင်း)တို့တွင် တပ်စွဲနေခြင်း ဖြစ်ကြောင်း သိရသည်။

PDF တပ်ဖွဲ့ဝင်များက စာသင်ကျောင်း ၊ မြန်မာ့စီးပွါးရေးဘဏ် နှင့် မိုး အဆောက်အဦးတို့ကို အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်း နှင့် ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ တိုက်ပွဲ ဖြစ်မယ်ဆိုတဲ့ သတင်းတွေကြားတော့ ကြိုပြီး ရှောင်တိမ်းနေကြရတာ။ ပစ်သံခတ်သံတွေ တော်တော်ကြာ ကြားရတယ်။ စစ်တပ်ဘက်က အသေဆုံးများတော့ လေကြောင်းဗုံးကြဲမှာတွေ စိုးရိမ်ကြောက်လန့်နေရတယ်” ဟု မြို့ခံစစ်ရှောင်တဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့ ADPRA၊ PLA၊ BLDF၊ SAF၊ RSF၊ မုံရွာခရိုင် ရင်းအမှတ်(၂၀)-BOB၊ ရွှေဘိုခရိုင် ရင်းအမှတ်(၂၀)၊ ရေဦး ပကဖ ဖီးနစ်တပ်ခွဲ၊ ရေဦး ပကဖ Galaxy Force၊ GZ တပ်ဖွဲ့ (တန်ဆည်)၊ ဝံသပါလတပ်ဖွဲ့ (ရေဦး)၊ ဘုတလင် ပကဖ နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဘုတလင်မြို့ပေါ်တွင် စစ်ကောင်စီတပ် နှင့် ကာကွယ်ရေး တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေခြင်းကြောင့် မြို့ပေါ်ဒေသခံ ဦးရေ ၄,၀၀၀ ကျော်ခန့် ကြိုတင် စစ်ရှောင်နေရကြောင်း စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေသူများထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *