စစ်ဘေးရှောင်ကားများအနက်မှ လိုင်စင်မဲ့ကားများကို စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့များက ဖမ်းဆီးပြီး တစ်စီးလျှင် ၃ သိန်းနှုန်းတောင်း

ပြင်ဦးလွင်သို့ တက်လာ စစ်ဘေးရှောင်ကားများအနက်မှ လိုင်စင်မဲ့ကားများကို စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့များက ဖမ်းဆီးပြီး တစ်စီးလျှင် ၃ သိန်းနှုန်းတောင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်သို့ တက်လာသည့် စစ်ဘေးရှောင်ကားများအနက်မှ လိုင်စင်မဲ့ကားများကို စစ်တပ်နှင့် ယာဉ်ထိန်းရဲ ပူးပေါင်းအဖွဲ့များက ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းနှုန်းတောင်းခံနေကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုသည်။

ယမန်နေ့ ပြင်ဦးလွင်သို့ စစ်ဘေးရှောင်ပြည်သူများက အလံဖြူများထောင်ကာ တက်သွားကြရာတွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက ကားများကို ပြင်ဦးလွင် အဝင်တွင် တားဆီးစစ်ဆေးကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးပြီး ကားတစ်စီးလျှင် ငွေကျပ် ၃ သိန်းနှုန်း တောင်းခံကြောင်း သိရှိရသည်။

“နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ စတဲ့ ဒေသတွေကနေ ပြင်ဦးလွင်ကို စစ်ရှောင်တဲ့ ကားတွေထဲမှာက လိုင်စင်မဲ့ကားတွေကို ပြင်ဦးလွင် ဝက်ဝံ X Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းတယ်။ ကားတစ်စီးကို ၃ သိန်းတောင်းတယ်။ မပေးလည်းမရတော့ ပေးရတာပဲ။ စစ်ဘေးရှောင်ပြည်သူတွေမှာလည်း ရသလို ပြေးရတာဆိုတော့ လိုင်စင်မဲ့ ၊ လိုင်စင်ရှိ ခွဲမနေနိုင်တော့ဘူး” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော မိုးကုတ်မြို့မှ ပြည်သူများက စစ်ဘေးရှောင်ရန် ကြိုးစားနေကြပြီး မန္တလေးနှင့် ပြင်ဦးလွင်ဘက်သို့ တက်ရန် ကြိုးစားနေကြကြောင်း၊ လတ်တလော မိုးကုတ်မှ ထွက်ခွာသွား​သော စစ်ဘေးရှောင် ပြည်သူများ၏ ကားစီးရေ ရာချီ၍ ပိတ်မိနေကြောင်း သိရှိရသည်။

“မိုးကုတ်က နေ ပြည်သူတွေ ထွက်ဖို့ ကြိုးစားနေကြတာရှိတယ်။ အရှေ့ပိုင်းကနေ အနောက်ပိုင်းသွားလမ်းမှာ အောင်သစ်လွင်ကနေ ကျောက်ဖားအထိ ကားအစီးရေ ရာချီပိတ်မိနေတယ်။ မိုးကုတ်ကနေ မန္တလေး လေးဆင်းမယ့် ကားတွေ တချို့ရပ်စောင့်နေရပြီး အတော်များများ ပြန်လှည့်လာရတယ်။ လမ်းမှာလည်း အခြေအနေက စိတ်မချရဘူးဖြစ်နေတယ်” ဟု မိုးကုတ်မြို့နယ်မှ စစ်ဘေးရှောင်​ပြည်သူတစ်ဦးက ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မန္တလေး တိုင်း မိုးကုတ်မြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *