ပဲခူးရိုးမလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေဟု PDFပြော

နေအိမ် ၃၀ကို စစ်ကောင်စီတပ် မီးရှို့သွား

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမသို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို လမ်းမှစောင့်ကြို တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးထက်မနည်း သေဆုံးကြောင်း PDF သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၅)မွန်းလွဲ ၁ နာရီခွဲခန့်က မင်းလှနယ်၊ စမ်းဘုတ်အုပ်စု၊ ဆားချောင်းကျေးရွာထိပ် လယ်ကွင်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ပဲခူးရိုးမပေါ် တက်လာသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃(Myanmar Defense Force)တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုတွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ ပစ်ခတ်သည့် ၄၀ မမ၊ ၆၀ မမ ကျည်များနှင့် စနိုက်ပါကျည်များ ထိမှန်မှုကြောင့် စစ်ကောင်စီတပ်သားငါးဦး နေရာတွင် သေဆုံး၍ နှစ်ဦးမှာ လမ်းတွင်ထပ်မံသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ပြောသည်။

“သူတို့က လယ်ကွင်းထဲက တက်လာတာကို ကျွန်တော်တို့က တောင်ပေါ်အမြင့်ကဆော်ရတာမို့ အသာစီးရတယ်ဗျ။ မျက်မြင် ငါးဦးသေတယ်။ နှစ်ဦးက သူတို့စခန်းပြန်သယ်တာ လမ်းတင်သေတယ်”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်ချိန် ၁ နာရီနီးပါးကြာပြီးနောက် အထိနာသွားသော​ စစ်ကောင်စီတပ်က ဆားချောင်းကျေးရွာသို့ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များဖောက်ထွင်း၍ တန်ဖိုးရှိပစ္စည်းများ ခိုးယူသည့်အပြင် နေအိမ် ၃၀ကို မီးရှို့ဖျက်ဆီးကာ ပြန်ဆုတ်သွားကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ ခမရ (၅၃၄)အလံတစ်ခု၊ 79 ကျည်ခွံများနှင့် စစ်သုံးဖိနပ်တစ်ရံသိမ်းဆည်းရရှိခဲ့သည်ဟု တပ်ရင်း ၃၈၀၂က အသိပေးသည်။

ယင်းနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရှိသည်ဟု ယူဆသောနေရာများသို့ စစ်ကောင်စီတပ်ဘက်မှ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ငလှစမ်းရွာဘုန်းကြီးကျောင်းသို့ ဝင်ရောက်တပ်စွဲထားပြီး စမ်းဘုတ်ရွာမှ ကိုမျိုးကြီးဆိုသူနှင့် ၎င်း၏ဇနီးကို ဖမ်းဆီးသွားရာ ယနေ့(ဇူလိုင် ၁၆)အထိ ပြန် လွှတ်ပေးခြင်းမရှိကြောင်း တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနှင့် ယင်းတပ်များအနီး သွားလာနေထိုင်မှုများ လုံးဝမပြုလုပ်ကြရန် PDF တပ်ရင်းများက အသိပေးထားသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်အချို့နှင့် ကျန်ခဲ့သော စစ်သုံးပစ္စည်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *