အလင်းဝင်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်

စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီး၍သော်လည်းကောင်း၊ ယူဆောင်၍ သော်လည်းကောင်း အလင်းဝင်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်

အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာပါက ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည်

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီး၍သော်လည်း၊ ယူဆောင်၍ သော်လည်းကောင်း အလင်းဝင်ရောက်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ဆုချီးမြှင့်မည်ဟု MNDAA က ထုတ်ပြန်လိုက်သည်။

လက်ရှိချိန်တွင် မင်းအောင်လှိုင်၏ လက်နက်ကိုင် တပ်အဖွဲ့ဝင် အများအပြားသည် MNDAA ၏ ရှေ့တန်းတပ်ဖွဲ့ သို့လာရောက်လက်နက်ချကြကြောင်း၊ လက်နက်ချပြီး အလင်းဝင်လာသူတို့အတွက် MNDAAတပ်မတော်က လူသားချင်း စာနာသည့် ဆက်ဆံရေးပေးပြီး အသက်ကို အာမခံချက်အပြည့်ဝပေးမည်ဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ခွဲထွက်၍ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ထံသို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းပေးရန်အတွက် ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းလိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ကြီးများ ကိုင်ဆောင် (သို့မဟုတ်) သယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ မိမိ၏ တပ်စခန်းရှိ လက်နက်ကြီး များကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီးအလင်းဝင်လာသူများ၊ လက်နက်ကြီးများကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်ပြီး အလင်းဝင်လာသူများအတွက် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၂.၇ မမ နှင့် အထက်ရှိ စက်သေနတ်များကို ဆုငွေ ကျပ် ၅ဝ သိန်း ၊ ၁ဝဝ မမ နှင့် အထက်ရှိ အမြောက်များကို ဆုငွေ ကျပ် ၁ဝဝ သိန်း ၊ သံချပ်ကာ၊ တင့်ကား နှင့် အခြားကုန်းလမ်းသုံး အကြီးစားစစ်ရေး ကိရိယာများကို ဆုငွေ ကျပ် ၁ဝဝဝ သိန်း နှင့် ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ် နှင့် အခြားလေယာဉ် အမျိုးအစားများကို ဆုငွေ ကျပ် ၁ဝဝဝဝ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကို ဆုငွေ ကျပ် ၁ဝဝ သိန်း ချီးမြှင့်ပါမည်ဟု MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စစ်သည်အဆင့် အလင်းဝင်လာသူများအတွက် ငွေကျပ် ၁ဝ သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၁၅သိန်းချီးမြှင့်ပေးမည်ဖြစ်ကြောင်း ၊ ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၂ဝ သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၂၅သိန်းချီးမြှင့်မည်ဖြစ်ကြောင်း ၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီး အဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၃ဝ သိန်း နှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၃၅ သိန်းချီးမြှင့်ပေးဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသူတွေအတွက် လူသားချင်းစာနာသည့် ဆက်ဆံရေးများပေးပြီး အသက်ကို အာမခံချက်အပြည့်ဝပေးမည်ဖြစ်ကြောင်း၊ အလင်းဝင်ပြီးသူက အကြမ်းဖက် စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကို ဝါဒဖြန့်ခြင်း ၊ စည်းရုံးခြင်း ဖြင့် အလင်းဝင်သူရှိလာပါက ဆောင်ရွက်ပေးသူကို ထပ်မံ၍ ဆုငွေချီးမြှင့်ပေးမည်ဖြစ်ကြောင်း MNDAA က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *