မတ္တရာရှိ Alpha ဘိလပ်မြေစက်ရုံတပ်စခန်းနှင့် တောင်တံငါတပ်စခန်းကို မန္တလေး PDFသိမ်းပိုက်

မတ္တရာရှိ Alpha ဘိလပ်မြေစက်ရုံတပ်စခန်းနှင့် တောင်တံငါတပ်စခန်းကို မန္တလေး PDFသိမ်းပိုက်

ကျောက်တံတားတပ်စခန်းသိမ်းတိုက်ပွဲပြင်းထန်နေဟု အသိပေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ​၏ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ကျောက်တံတားတပ်စခန်း၌ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဇူလိုင်၁၆ရက်) ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်းရှိ စုစုပေါင်း စခန်းအရေအတွက် ၂၈ခုထိ သိမ်းပိုက်ရရှိထားကြောင်း၊ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး အပြီးသတ်သိမ်းပိုက်ရရှိရန် လုပ်ဆောင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

မတ္တရာစစ်ဆင်ရေးများတွင် ရန်သူ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ထပ်မံအသိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှဆုတ်ခွာပြေးရာတွင် စက်ရုံအဆောက်အဦးများကို မီးရှို့သွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ် ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက် ထိုးစစ်တိုက်ခိုက်နေကြောင်း မန္တလေး PDFက ထပ်မံအသိပေးထားသည်။

မတ္တရာမြိူ့နယ်ရှိ တပ်စခန်းများဆက်တိုက် သိမ်းပိုက်ပြီး မန္တလေးမြို့နှင့် စစ်ရေးနီးကပ်လာမှုအခြေအနေနှင့်ပတ်သက်၍ “Alpha ဘိလပ်မြေစက်ရုံနဲ့ မန္တလေးကြားမှာ စစ်ကောင်စီဘက်ကတပ်စွဲထားတဲ့ စခန်းအချို့ရှိပါဦးမယ်။”ဟု မန္တလေးPDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တစ်ရက်ပျမ်းမျှ ၁၀ကြိမ်နီးပါးရှိသည်ဟု ကိုအော်စမွန်က ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျေးရွာများအား ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်​နေရသည်။

စဥ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နှစ်ပတ်အတွင်း ကလေးငယ်များအပါအဝင် ပြည်သူစုစုပေါင်း ၁၂ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စဥ့်ကူးနှင့် မတ္တရာမြို့နယ်များ၌ ဖော်ဆောင်နေသော ရှမ်းမန်းစစ်ဆင်ရေးတွင် စစ်ရေးအောင်ပွဲများ ရရှိနေပြီး နှစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၄ဝနီးပါး မန္တလေး PDFနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့် လက်နက်ချ အလင်းဝင်သူ စုစု​ပေါင်း ၁၃၀ကျော်ရှိ​ကာ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြား သိမ်းဆည်းရမိထားသည်။

ထို့အပြင် မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်တပ် စခန်းမှသိမ်းရသော လေယာဥ်ပစ်စက်သေနတ်ကြီးများကိုလည်း လေ့ကျင့်နေပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားသည်။

(မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ​၏ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – မန္တလေး PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *