မင်္ဂလာဒုံမြို့နယ်ရှိ ဗဟိုတပ်ထိန်းတပ်ဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဗဟိုတပ်ထိန်းတပ်ဂိတ်ကင်းကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) တပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

မင်္ဂလာဒုံမြို့နယ် စစ်ကောင်စီ၏ ဗဟိုတပ်ထိန်းတပ်(ဝါယာလက်) လုံခြုံရေးဂိတ်ကင်းကို ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) ည ၈ နာရီ ၅ မိနစ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုတွင် လုံခြုံရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိကြောင်းလည်း Yangon Army (YA) က ထုတ်ပြန်ထားသည်။

“အထိအခိုက်က တိုက်ခိုက်မှုလုပ်တဲ့အချိန် တိုက်ရိုက်ထိခိုက်သွားတာပဲ ပြောလို့ရပါမယ်။ တပ်ရင်းဌာနချုပ်ထဲတော့ကျနော်တို့အတိကျစုံစမ်းလို့မရပါဘူး’ ဟု Yangon Army (YA) တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army(YA)နှင့် အနောက်ပိုင်းခရိုင် ပကဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ဆက်စပ်နေသူအားလုံးအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အားပေးအားမြှောက်ပြုနေသည့် အုပ်ချုပ်ရေးမှူးများကိုလည်း ထိထိရောက်ရောက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ရန်ကုန်မြို့တွင် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားနေထိုင်ကြရန်လည်း Yangon Army တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *