မြင်းခြံ၊ ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ ပျူစောထီးစခန်းကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက် ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာ ရီခန့်ဖြစ်ပွားပြီး ပျူစောထီး ၅ ဦးသေဆုံးကာ ၁ ဦးအရှင် ဖမ်းမိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကျောက်ကန်ရွာအတွင်းရှိ ပျူစောထီးစခန်းနှင့် ပျူစောထီးနေအိမ်များကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

“အဖွဲ့ပေါင်းစုံက ရှိတဲ့ လက်နက်လေးတွေနဲ့ သွားဝိုင်းပြီး သိမ်းလိုက်တာ ပျူခေါင်းဆောင်လှမိုးကတော့ လွတ်သွားတယ်။ မနေ့က အင်အား ၂၃ ယောက်လောက်ပဲ ရှိတဲ့ အချိန်မှာ ဝင်တိုက်လိုက်တာ ၅ ကောင်သေတယ်။ ၁ ကောင်အရှင်မိတယ်။ လက်နက်ကတော့ မရလိုက်ဘူး။ ကျန်တဲ့သူတွေကတော့ ထွက် ပြေးကြတာ အရင်တုန်းကတော့ အဲဒီရွာမှာက အင်အား ရာချီရှိတယ်။ စာသင် ကျောင်းမှာနေတယ်။ ဘုန်းကြီး ကျောင်းမှာနေတယ်။ တောင်ဘက်က လမ်းမဘေးမှာနေတယ်။ တိုက်တဲ့ အချိန်မှာတော့ တပ်ကူ လည်းမလာဘူး။ ကုက္ကဲကနေတော့ လက်နက်ကြီးနဲ့ ပစ်ကူပေးတာရှိတယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပကဖ၊ မြင်းခြံမြို့နယ်အတွင်း ဒေသကာကွယ်ရေး အဖွဲ့ – LPDF ၊ မြင်းခြံမြို့နယ်အခြေစိုက်တပ်ရင်းများ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၆ ရက်နေ့ မြင်းခြံမြို့မှ အကြမ်းဖက်စစ်သား ၁၀၀ ခန့်ထွက်လာပြီး တရွှင်းဘို့ ကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ပြည်သူပိုင် ကား ၁ စီးကို ချောဆွဲကာ ၁၂ နာရီခန့်တွင် လယ်ဆစ်ကျေးရွာမှ မြင်းခြံ မြို့ပေါ်သို့ ပြန် လည် ဝင်ရောက်သွားကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *