AA သိမ်းပိုက်ထားသည့် ငပလီ ဟိုတယ်ဇုန်ရှိ ဟိုတယ်များကို စစ်ကောင်စီက ဗုံးကြဲ ချသည့်အပြင် မီးရှို့၍ပါဖျက်ဆီးနေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ ဟိုတယ်ဇုန်ရှိ ဟိုတယ်များကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲချဖျက်ဆီးခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းများကိုပါ လုပ်ဆောင်နေ ကြောင်း သိရသည်။

စစ်ကောင်စီသည် ငပလီမြို့ လင်းသာရပ်ကွက်နှင့် မြပြင်ရပ်ကွက်ရှိ ဟိုတယ်များကို ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်နေ့ မှစတင်၍ ယမန်နေ့ ဇူလိုင် ၁၅ရက်နေ့အထိ ဗုံးကြဲ ချဖျက်ဆီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကလည်း လင်းသာဦးဟိုတယ်ကို ဝင်ရောက် မီးရှို့ သွားကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင် ၁၄ရက်နေ့ မွန်းလွဲပိုင်းမှ ညနေစောင်းသည်အထိ Bayview Hotel, Lin Thar Oo Lodge, Memento Resort ၊ Lagoon Lodge, BT Bay, The Lodge Blus Ocean ဟိုတယ် အနီးတဝိုက်တွင် မီးများလောင်ကျွမ်းလျက်ရှိ‌ကြောင်းသိရသည်။

“တိုက်ပွဲအကြီးစားတွေမရှိတော့ဘူး။ အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ငပလီဟိုတယ်တွေဘက်ကိုပစ်တယ်။ လေယာဉ်က ၁၄ရက်နေ့ကဆို တနေကုန်နီးပါးလာကြဲတယ်။ တပ်တော်လက်ထဲ ဘယ်ဟိုတယ်မှ အကောင်းအတိုင်း မရစေချင်ပုံပဲ။ စစ်တပ်ကလက်ကျန်တပ်တွေစုလာပြီး လင်းသာဦး ဟိုတယ်ကို မီးလာရှို့သွားသေးတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငပလီဟိုတယ်ဇုန်တွင် ရှိသော ဟိုတယ်အများစုမှာ စစ်ခေါင်းဆောင်နှင့် ခရိုနီများ၊ အာဏာရှင်ဟောင်း ဦးသန်းရွှေမိသားစုနှင့် ၎င်းတို့နှင့် ဆက်စပ်နေသူအများစု ပိုင်ဆိုင်ကြကြောင်း သိရသည်။

ငပလီနှင့် လင်းသာဟိုတယ်ဇုန်တို့တွင် ဟိုတယ် ၆၅လုံးရှိပြီး အများစုမှာ စစ်ကောင်စီနှင့် ပတ်သက်သူများ အဓိကပိုင်ဆိုင်မှုများကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ရက်နေ့က သံတွဲရှိ နောက်ဆုံးကျန်ရှိနေသော ခလရ ၅၅ကို AAက သိမ်းပိုက်ပြီးနောက် ကစဉ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ဟိုတယ်များကို မီးရှို့ခြင်းနှင့် ငပလီမြို့ရှိ နေအိမ်များကို ဖောက်ထွင်းဝင်ရောက် ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် AAက မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ စစ်ကူများကို သံတွဲသို့ ပို့ဆောင်၍ အင်အား ဖြည့်လျက် ရှိကြောင်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *