ဖယ်ခုံမြို့သို့ စစ်ကောင်စီစစ်ကြောင်းထိုး၊ ကရင်နီတပ်များ ဟန့်တားတိုက်ခိုက်

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီလက်နက်ကိုင် ၅၀၀ ခန့်ကို ကရင်နီတော်လှန်ရေးအင်အားစုက ဟန့်တားတိုက်ခိုက်နေပြီး သုံ့ပန်း ၇ ဦး ရထားသည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့မှ ဖယ်ခုံမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်နက်ကိုင်တို့ကို တော်လှန်ရေးအင်အားစုက ဟန့်တားတိုက်ခိုက်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဇူလိုင် ၁၆ ရက်နေ့တွင် ပြောသည်။

စုစုပေါင်း အင်အား ၅၀၀ ခန့်ပါဝင်သည့် ထိုစစ်ကြောင်းတွင် အများအပြားမှာ ပအိုဝ်းအမျိုးသားတပ် (PNA) ခေါ် ပြည်သူ့စစ်အဖွဲ့မှ ဖြစ်သည်။

ဖယ်ခုံရှိ စစ်ကောင်စီတပ်များကို စစ်ကူပေးရန် ဇွန်လ ၁၅ ရက်တည်းက စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုအခါ မြို့အနောက်မြောက်ဘက် ၁၁ မိုင်ကျော်အကွာရှိ ဆောင်းပြောင်းရွာတွင် ရောက်ရှိနေကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များက အရိပ်မဲ့စစ်ဆင်ရေးဖြင့် ထိုစစ်ကြောင်းကို ဟန့်တားရန် ကြိုးပမ်းနေသည်ဟု KNDF နှင့် နီးစပ်သည့် အသက် ၄၀ ဝန်းကျင်ရှိ သတင်းရင်းမြစ်က ပြောသည်။

အရိပ်မဲ့စစ်ဆင်ရေးဆိုသည်မှာ ထိုစစ်ကြောင်း၏ နောက်ကျောဘက်ဟု ဆိုနိုင်သည့် ပင်လောင်းမြို့နယ်ဘက်မှတစ်ဆင့် ပြောက်ကျားစစ်ဖြင့် တိုက်သော စစ်ဆင်ရေးဖြစ်သည်ဟုလည်း ဆိုသည်။

“လောလောဆယ် အကြီးတော့ မဖြစ်သေးဘူး။ ကြိုးကြားကြိုးကြားဘဲ။ ကျွန်တော်တို့နဲ့ တိုးတော့ လက်နက်တချို့ ကျွန်တော်တို့ရတာရှိတယ်။ သူတို့နည်းနည်း ထိထားတယ် ထင်တယ်” ဟု သူက ပြောသည်။

နောက်ကျောမှ တိုက်ခိုက်ခံရမှုကြောင့် စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်သေးကြောင်း သူက ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲသတင်းများ ရေးသားဖော်ပြနေသော Voice of Pin Laung Facebook စာမျက်နှာကလည်း ပင်လောင်းမြို့နယ် နမ့်ဖာမူရွာအနီးတွင် PNA တပ်ဖွဲ့ဝင် ၄ ဦးနှင့် လွိုင်ကော်မြို့သို့ လာသည့် PNA တပ်ဖွဲ့ဝင် ၃ ဦးကို KNDF က ဇူလိုင်လ ဒုတိယပတ်တွင် အရှင်ဖမ်းမိထားကြောင်း ဖော်ပြသည်။

နမ့်ဖာမူရွာသည် ဆောင်းပြောင်းရွာ အရှေ့ဘက် ၅ မိုင်အကွာ ဖယ်ခုံမြို့မြောက်ဘက်တွင် ရှိသည်။

ပင်လောင်းမြို့နယ်အတွင်း အခြေအနေကို သိရှိသည့် အမျိုးသားတစ်ဦးကလည်း ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲငယ်များဖြစ်နေသဖြင့် ဒေသခံတို့ စစ်ရှောင်နေရဆဲ ဖြစ်သည်ဟု ပြောသည်။ စစ်ရှောင်အရေအတွက်မှာ သောင်းဂဏန်းအထိရှိပြီး တိုက်ပွဲမဖြစ်သည့် ရွာများနှင့် ပင်လောင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတချို့တွင် ခိုလှုံနေရကြောင်း သူက ဆက်ပြောသည်။

“ဆောင်းပြောင်းထဲတော့ ဒေသခံတွေမရှိတော့ဘူး။ ဝါးလီး၊ ပင်ခွန်၊ ဆောင်ခါ၊ ဝါးပြုံး၊ တောင်လေး၊ နန်းထာ၊ ထီဗီရွာတွေမှာ များတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်နေတယ်” ဟု သူက ပြောသည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင်မူ ကရင်နီတော်လှန်ရေးအင်အားစု ထိန်းချုပ်ခဲ့ဖူးသည့် လွိုင်ကော်တက္ကသိုလ်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီး အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်ရန် ကြိုးပမ်းနေသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်း ၅၅၁ ဦးရှိနေသည်ဟုလည်း စစ်တပ်က ဇူလိုင် ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ကြီးမြို့မှ လွိုင်ကော်သို့ သွားသည့် ကားငယ်များလည်း ပြန်လည်ပြေးဆွဲနေသည်ဟု ကယားပြည်နယ်သတင်းများ အထူးပြုဖော်ပြသည့် ကန္တာရဝတီတိုင်းမ်သတင်းဌာနက ရေးသားသည်။

တော်လှန်ရေးအင်အားစုက ကယားပြည်နယ်ကို ကရင်နီပြည်နယ်ဟု သတ်မှတ် ခေါ်ဝေါ်ကြသည်။ ပင်လောင်းမြို့ကိုလည်း ကရင်နီပြည်နယ်၏ ဒေသအဖြစ် သတ်မှတ်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *