မြစ်ခြေ အောင်သာရွာတိုက်ပွဲ စစ်ကောင်စီနှင့် ပျူစောထီး ၁၀ဦးအရှင်မိ ၊လက်နက်ခဲယမ်းများရဟု PLA ပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ အောင်သာကျေးရွာရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာအားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၁၇ရက်)တွင် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်ရှိခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထုတ်ပြန်သည်။

အောင်သာရွာရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာ နေရာကို PLA အမှတ်(၈၁၅)တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ PDO/PDA ၊ ABSDF ၊ PRF ၊ BLY ၊ ဧရာဒေါင်းတပ်ဖွဲ့ တို့ က ယနေ့ နဲနက် ၅နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ ၁နာရီခွဲအကြာတွင် တိုက်ပွဲပြီးဆုံးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီအဖွဲ့ဝင် အများအပြားကျဆုံးမှုကိုမျက်မြင် တွေ့ရှိခဲ့ပြီး သုံ့ပန်း၁၀ဦး ဖမ်းမိခဲ့ဟု အသိပေးသည်။

” စကစရော ပျူစောထီးရော ပါတယ်ခင်ဗျ။ အတိအကျကတော့ စစ်မေးပြီးမှ သိရမှာပါ။ ရွာက စကစနဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတာ”ဟု PLA သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ G3 ၄လက်၊ ကာဘိုင် ၃လက်၊ ရှော့ဂမ်း ၂လက်၊ ဝင်ချက်စတာ ခါးချိုး ၁လက်၊ ၄၀မမ KIA ထုတ် ၁လက် နဲ့ G3 ကျည်ဘောက် ၉ဘောက်၊ ကာဘိုင် ကျည်ဘောက် ၅ဘောက်၊ G3 ကျည် ၁၄၅တောင့်၊ ကာဘိုင်ကျည် ၈၉တောင့်၊ တတောင့်ထိုးကျည် ၇၃တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မိုဘိုင်းဖုန်း ၅ လုံးတို့ ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၁၀ဦးအား ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

“သုံ့ပန်း ပေါ်လစီအရတော့ ကနော်တို့ ချမှတ်ထားတဲ့ စည်းကမ်းထဲမှာ သုံ့ပန်းတွေကိုမညှင်းဆဲဖို့ ပါတယ်ခင်ဗျ။ကောင်းမွန်စွာပဲကျွေးမွေးထိန်းသိမ်းထားတယ်လို့ သိရပါတယ်”ဟု PLA ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ယနေ့ စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက် က ထိခိုက်ကျဆုံးမရှိဟုလည်း ၎င်းက ပြောသည်။

PLA သည် စစ်ကိုင်းဒေသ၊ တအာင်းဒေသ၊ တနင်္သာရီဒေသ၊ ကိုးကန့်ဒေသတို့၌လည်း စစ်ရေးလှုပ်ရှားမှုများ ရှိပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

(အောင်သာရွာတိုက်ပွဲအတွင်း သိမ်းဆည်းရသော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ – PLA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *