အိန္ဒိယနဲ့ စစ်ရေးပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေကြောင်း စစ်ကောင်စီ ပြော

စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး တာကူးရ် (Abhay Thakur) တို့ ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် အိန္ဒိယနဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အပါအဝင် နှစ်နိုင်ငံ စစ်တပ်တွေရဲ့ ဆက်ဆံရေးကိစ္စ၊ လေကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်ဗိုလ်ချုပ်တွေ ပါဝင်ပြီး အိန္ဒိယသံအမတ်နဲ့အတူ အိန္ဒိယစစ်တပ်က အရာရှိကြီးတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ အိန္ဒိယသံအမတ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ဦး ဦးသန်းဆွေ၊ စစ်ကောင်စီရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂ဝ၂၂ နှစ်ကုန်အထိ အိန္ဒိယဘက်က စစ်ကောင်စီရဲ့ အဆင့်မြင့်အရာရှိတွေသာ ဆက်ဆံခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် မဏိပူရ်ပြည်နယ် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နယ်စပ်လုံခြုံရေး အကြောင်းပြုပြီး ဆက်ဆံရေးတိုးမြှင့်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ရုရှားနဲ့ တရုတ်ပြီးရင် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတင်ပို့မှု တတိယ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဘက်ဆိုင်ရာ သင်တန်းပေးတာတွေလည်း ရှိနေတာကြောင့် ဝေဖန်ခံနေရပေမဲ့ နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆက်ပြီးဆွေးနွေးနေဆဲပဲလို့ လည်းဆိုပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွေအရ မေလ ၁၅ ရက်နေ့မှာ အိန္ဒိယလေတပ်အကြီးအကဲ Ichettira Iyappa Kuttappa နဲ့ စစ်ကောင်စီ လေတပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံလေတပ် ဆက်ဆံရေးတိုးမြှင့်ဖို့၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သင်တန်းသား စေလွှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီ့အပြင် အိန္ဒိယနိုင်ငံ အမှတ် (၃) တပ်မကြီးမှူး Harjeet Singh Sahi အပါအဝင် အိန္ဒိယစစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာစစ်တပ်ထံ စစ်လက်နက် အပါအဝင် နည်းပညာနဲ့ လောင်စာဆီ လွှဲပြောင်းရောင်းချနေတာတွေကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်း အားလုံးကိုလည်း ရပ်ဆိုင်းဖို့ အိန္ဒိယနိုင်ငံကို Justice for Myanmar (JFM) က ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (MOI Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *