နေပြည်တော် အေလာလေတပ်တိုက်ခိုက်မှု အဆိပ်ငွေ့ ဗုံး ပြင်ဆင်တဲ့ ဂိုဒေါင်ရုံထပ်မံပျက်စီး

အကြမ်းဖက် အရာရှိတွေအပါအဝင် ၃၄ဦးသေ

နေပြည်တော် အေလာလေတပ်တိုက်ခိုက်မှုကြောင့် အဆိပ်ငွေ့ ဗုံး ပြင်ဆင်တဲ့ ဂိုဒေါင်ရုံထပ်မံပျက်စီး ခဲ့ပြီး အကြမ်းဖက် အရာရှိတွေအပါအဝင် စုစုပေါင်း ၃၄ဦးထိသေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ပြောပါတယ်။

အေလာမစ်ရှင် နောက်ဆက်တွဲ ထပ်မံရရှိတဲ့ အထိအခိုက် သတင်းကို ဒီနေ့မှာ ထပ်မံ ထုတ်ပြန်လာတာဖြစ်ပါတယ်။

အဆိုပါ ရန်သူ့ အေလာလေတပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်စီမံမှုနဲ့ မဟာမိတ်အဖွဲ့တွေက ဇူလိုင် ၁၆ ရက်၊ မနက် ၉ နာရီ ၁ မိနစ် မှာ ၁၀၇မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

” တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့နဲ့ အပြစ်မဲ့ ပြည်သူတွေကို that ဖြတ်ဖို့ အရှိန်မြင့် အသုံးပြုဖို့ စစ်ကောင်စီက ထပ်မံဝယ်ယူထားတဲ့ Drone တွေကို ပြောင်းရွှေ့နေရင်း ဂိုဒေါင်ပြိုကျတဲ့ အတွက် အရာရှိ ၃ ဦးနဲ့ ရဲဘော် ၁၅ ယောက် သေဆုံးကြောင်းအတွင်း သတင်းရင်းမြစ်မှ ကြားသိရပါတယ် ” လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ယခုနှစ် အစပိုင်းကစတင်ပြီး ရှမ်းတောင်၊ ကရင်နီ ၊ တောင်ပိုင်းတိုက်ပွဲတွေမှာ အဆိပ်ငွေ့ ဓာတု ဗုံးတွေကို ရက်စက်စွာ အသုံးပြုလာပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် BWMရဲ့ ကနဦးထုတ်ပြန်ချက်မှာ အေလာလေတပ်စခန်းအတွင်း အဆောက်အဦး ၄ လုံးပြိုကျပျက်စီးပြီး လက်နက် ခဲယမ်းတိုက် ၁ လုံးမီးလောင် ပေါက်ကွဲခဲ့သလို၊ လေယာဥ်ပြုပြင်ရေးအပိုပစ္စည်း ဂိုဒေါင်ရုံ မီးလောင် ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၄ ဦး နဲ့ လေတပ်အခြားအဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။

ဒါအပြင် A-5 Bomber Jet Fighter တစ်စင်း သုံးမရတော့လောက် အောင်ပျက်စီးပြီး နောက်ထပ် Jet Fighter တစ်စင်းခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကြောင်း၊ Y-12 Military Transport Aircraft တစ်စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ လေတပ်အရာရှိ ၃ ဦးနဲ့ အခြားအဆင့် ၇ ဦးလည်းပျောက်ဆုံး နေကြောင်း ကနဦး စုံစမ်းသိရှိရတယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

” မနေ့က ကြေညာချက်တွင်ပါရှိသော အခြားအဆင့်စစ်သည့် ၇ ဦး ပျောက်ဆုံးနေသည်ဆိုသည်မှာ ထပ်မံရရှိသော သတင်းအရ ပျောက်ဆုံးနေသည်မှာ ရဲဘော် ၇ ဦးမဟုတ်ပဲ ၁၅ ဖြစ်နေပြီး ဂိုဒေါင်ပြိုကျမှုကြောင့် ၎င်း ၁၅ ဦးနှင့် ပျောက်ဆုံး နေသည်ဟုဆိုသော အရာရှိ ၃ ဦးမှာ thay ဆုံးလျက်ရှိနေသည်ကိုတွေ့ရှိခဲ့ကြောင်း အတွင်းသတင်းရင်းမြစ်များအရ သိရှိရပါတယ်။ ထို့ကြောင့် 16.7.2024 အေလာလေတပ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ thayဆုံးသူစုစုပေါင်း ၃၄ ဦးရှိသွားပြီဖြစ်ကြောင်း အကြမ်းဖျဉ်းစုံစမ်းသိရှိရပါတယ်။ ” လို့ ဆိုပါတယ်။

လက်ရှိမှာ Brave Warriors for Myanmar (BWM) နဲ့ မဟာမိတ်အဖွဲ့များမှ ရဲဘော်များအားလုံး ဌာနေစခန်းအသီးသီးကို ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ လူသတ်လက်နက် ဓာတုဗုံး (အဆိပ်ဗုံး) တွေကို အေလာလေဆိပ် အတွင်းမှာ သိုလှောင်ရုံ ပဲလား၊ ဒါမှ မဟုတ် အေလာလေဆိပ်အတွင်းမှာထုတ်လုပ်နေလား ဆက်လက်စုံစမ်းနေတယ်လို့လည်း အသိပေးထားပါတယ်။

အဆိုပါ အေလာလေတပ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က တစ်ကြိမ်နဲ့ ယခု ဇူလိုင် ၁၇ရက်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် BWM နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နဲ့ Mercury Revolution Force (MRF) အဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုတိုက်ခိုက်မှုနဲ့ဆိုရင် BWM နဲ့ မဟာမိတ် အဖွဲ့တွေက အေလာလေဆိပ် ကို ၅ ကြိမ်အထိတိုက်ခိုက်ထားတယ်လို့လည်း သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *