ယာယီသမ္မတ မြင့်ဆွေ အာရုံကြောများ နှေးကွေးတုံ့ဆိုင်း

စစ်ကောင်စီ၏ ယာယီသမ္မတ မြင့်ဆွေ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ရောဂါကြောင့် ပုံမှန် စားသွားလာလှုပ်ရှားမှု မရှိတော့ဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်လာခြင်း မရှိသေး

စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဖွဲ့စည်းပြီး ကုသမှုပေးနေရ

အကြမ်းဖက် စစ်ကောင်စီက တင်မြှောက်ထားသော ယာယီသမ္မတ မြင့်ဆွေသည် အာရုံကြောရောဂါခံစားနေရပြီး ပုံမှန်အတိုင်းစားသွားလာလှုပ်ရှားမှု မရှိဘဲဖြစ်နေကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ယာယီသမ္မတ မြင့်ဆွေသည် လှုပ်ရှားရာတွင် တုံ့ဆိုးနှေးကွေးခြင်း၊ အစားအသောက် နည်းပါးခြင်းတို့ကို စတင် ခံစားရသည့်အတွက် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ရောဂါ ဝေဒနာ ခံစားနေရသဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၂၀၂၄ ခုနှစ်ဧပြီလ ၁၉ ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ မောက်အဲလစ်ဇဘတ်ဆေးရုံတွင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ စစ်ဆေး ဆေးကုသမှု ခံယူခြင်း၊ ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့အထိ ရန်ကုန်စစ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းကာလတွင် ယာယီသမ္မတ မြင့်ဆွေ၏ ဝဲနှင့်ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော တိမ်များ ခွဲစိတ်ခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း၊ သို့ရာတွင် အာရုံ ကြောရောဂါမှာမူ ပြန်လည် ကောင်းမွန်း တိုးတက်လာခြင်းမရှိကြောင်း စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ယာယီသမ္မတ မြင့်ဆွေကို စစ်ဆေးရာတွင် ပုံမှန်စားသွားလာ လှုပ်ရှား မှုမရှိတော့ဘဲ ကျန်းမာရေးမှာလည်း တိုးတက် ကောင်းမွန်လာခြင်း မရှိသေးကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဦးဆောင်သော ကျန်းမာ ရေး စောင့်ရှောက်မှု အဖွဲ့ဖွဲ့စည်းပြီး ကျန်းမာရေးစောင့်ရှောက်ပေးထားရကြောင်း၊ လက်ရှိတွင် နေအိမ်တွင် ဆေးခွင့်ယူ၍ ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *