မတ္တရာမြို့တိုက်ပွဲတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံး

မန္တလေးအနီး တိုက်ပွဲတွင် တရုတ်ကုမ္ပဏီ လုပ်ကိုင်နေသည့် ဘိလပ်မြေစက်ရုံရှိ စစ်ကောင်စီတပ်က အဆောက်အအုံတစ်ခုကို မီးရှို့ ဆုတ်ခွာသွားသည်ဟု သိရသည်။

ရှမ်းရိုးမတောင်တန်းများကို ကျော်ဖြတ်လာသည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းက မြန်မာမင်းများ နောက်ဆုံးထီးနန်းစိုက်ရာ မန္တလေးလွင်ပြင်သို့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။

မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ၅ မိုင်ခန့်အကွာတွင် တည်ရှိသော မတ္တရာမြို့ရှိ အာဏာသိမ်းစစ်တပ်၏ စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် မဟာမိတ်တပ်များက ဆက်တိုက်သိမ်းပိုက်နေသည်။

မတ္တရာမြို့ အရှေ့တောင်ယွန်းယွန်း ရှမ်းရိုးမတောင်တန်းများနယ်စပ်၊ ထုံးကျောက် တောင်ခြေတစ်ခုရှိ အယ်လ်ဖာဘိလပ်မြေ (Alpha Cement) စက်ရုံရှိ စစ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း MDY-PDF ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

စစ်ကောင်စီတပ်များ အယ်လ်ဖာဘိလပ်မြေစက်ရုံဝင်းမှ ဆုတ်ခွာချိန် စက်ရုံအတွင်းရှိ အဆောက်အအုံတစ်ခုကို မီးရှို့သွားသည့် မှတ်တမ်းဓာတ်ပုံကိုလည်း MDY-PDF က ထုတ်ပြခဲ့သည်။

မီးရှို့သည်ဟူသော ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

အရပ်ဘက်အဆောက်အအုံဖြစ်သော အယ်လ်ဖာဘိလပ်မြေစက်ရုံတွင် တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီသည် စက်ရုံဝင်းကို အခြေပြုပြီး တပ်စခန်းလုပ်ထားခြင်း၊ စက်ရုံနှင့်ကပ်လျက် တောင်ပေါ်တွင် ကာကင်းစခန်းများ တည်ဆောက်ထားခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။

အယ်လ်ဖာဘိလပ်မြေစက်ရုံ ပိုင်ဆိုင်မှုနှင့် စက်ရုံ၏ နောက်ကြောင်းရာဇဝင်ကို လေ့လာခဲ့ရာ၊ တရုတ်နိုင်ငံ Anhui ပြည်နယ်၊ Wuhu မြို့ရှိ Anhui Conch Cement Co., Ltd. က အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ မြန်မာကုမ္ပဏီ Myint Investment Group Co., Ltd. က ၄၅ ရာခိုင်နှုန်း ဖက်စပ်ရင်းနှီးမြှုပ်နှံထားသော Myanmar Conch Cement (Mandalay) Co., Ltd. ပိုင်ဆိုင်သည့် စက်ရုံဖြစ်ကြောင်း တွေ့ရှိရသည်။

Myanmar Conch Cement (Mandalay) Co., Ltd. ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက မှတ်ပုံတင်ထားခဲ့သော်လည်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရသည်။

ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှ ယနေ့အထိ တရုတ်နိုင်ငံပိုင် အကျိုးစီးပွားတစ်ခုကို စစ်ကောင်စီတပ်များက အကာအကွယ်မပေးနိုင်ရုံမျှမက၊ မီးရှို့ဖျက်ဆီးသွားသည့် ပထမဆုံးဖြစ်ရပ်ဟု ဆိုနိုင်ပါသည်။

အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း ရင်းနှီးမြုပ်နှံမှု အခြေအနေ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) တွင် တင်ပြခဲ့သော ထိုစက်ရုံစီမံကိန်း ရင်းနှီးမြှုပ်နှံမှုအချက်အလက်များအရ စီမံကိန်းအတွက် ကနဦးမတည်ရင်းနှီးငွေသည် အမေရိကန်ဒေါ်လာ ၂၄.၇၅ သန်းဖြစ်ပြီး၊ စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၂၁၉ သန်း ရှိသည်ဟု သိရှိရသည်။ ရင်းနှီးမြှုပ်နှံမှုသက်တမ်းမှာ နှစ် ၅၀ ဖြစ်ပြီး၊ နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု အမျိုးအစားဖြစ်သည်။

ထိုစီမံကိန်းတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းနှင့် ဘိလပ်မြေထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းပစ္စည်းဖြစ်သော ထုံးကျောက်ကို စက်ရုံနှင့်ကပ်လျက် ထုံးကျောက်တောင်မှ ထုတ်ယူခြင်းတို့ ပါဝင်သည်။ စီမံကိန်းတည်ဆောက်ပြီးစီးရန် ကြာချိန် လ ၂၀ ဟု ဖော်ပြထားချက်အရ စက်ရုံကို အစောဆုံး စတင်လည်ပတ်ချိန်သည် ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဖြစ်နိုင်သည်။

ထိုစီမံကိန်း စက်ရုံမြေနေရာနှင့် ထုံးကျောက်မိုင်းတို့ကို ဒေါ်နန်းလင်းလင်းထွန်းနှင့် ဦးစိုင်းမျိုးမြင့် ပိုင်ဆိုင်သော “မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု” က လုပ်ပိုင်ခွင့် ရရှိထားပြီး၊ Myanmar Conch Cement Co., Ltd. ကို နှစ် ၅၀ စာချုပ်ဖြင့် ငှားရမ်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

ဘိလပ်မြေစက်ရုံ မြေဧရိယာ ၂၁၁.၇၀ ဧကအတွက် တစ်နှစ် မြေငှားခတန်ဖိုး ဒေါ်လာ ၄၁,၀၀၀ နှုန်းဖြင့်၊ နှစ် ၅၀ အတွက် ဒေါ်လာ ၂.၀၅ သန်း၊ ထုံးကျောက်မိုင်း မြေဧရိယာ ၆၁၇ ဧကအတွက် တစ်နှစ် မြေငှားခတန်ဖိုး ဒေါ်လာ ၂၂၀,၀၀၀ ဖြင့်၊ နှစ် ၅၀ အတွက် ဒေါ်လာ ၁၁ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၃.၀၅ သန်းကို “မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု” ၏ Myanmar Conch Cement Co., Ltd. တွင် အစုရှယ်ယာ ၄၅ ရာခိုင်နှုန်း ထည့်ဝင်ပိုင်ဆိုင်ကြောင်း MIC သို့ တင်သွင်းသော စီမံကိန်းအဆိုပြုလွှာတွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီဘက်မှ ဒေါ်လာ ငွေသား ၂၄.၇၅ သန်း ထည့်ဝင်ပြီး၊ ကုမ္ပဏီနှစ်ခုက ဖက်စပ်ထည့်ဝင်သော ဘိလပ်မြေစက်ရုံအတွက် စက်ပစ္စည်းများ ဝယ်ယူတင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၁၇၄ သန်း ရှိသည်။ စက်ပစ္စည်းများကို WuHu Asia International Trade Co., Ltd. နှင့် စာချုပ်ချုပ်ဆိုပြီး တင်သွင်းမည်ဟု ဖော်ပြထားသည်။

ထိုစီမံကိန်းကို အခွန်ကင်းလွတ်ခွင့် ၃ နှစ်ပေးထားသည်၊ စက်ရုံ စတင်လည်ပတ်ပြီး စတုတ္ထမြောက်နှစ်ကျမှ နိုင်ငံတော်သို့ ဝင်ငွေခွန် ၂.၆၄ သန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၄.၈၀ သန်းတို့ကို ပေးသွင်းရန်၊ ထိုအချိန်က ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁,၃၅၀ နှုန်းဖြင့် ပေးသွင်းရန် တွက်ချက်ထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။ စက်ရုံတည်ဆောက်ချိန် လ ၂၀ ကို ထည့်သွင်းတွက်ချက်လျှင် ၂၀၂၄ ခုနှစ်သည် စက်ရုံလည်ပတ်မှု ၄ နှစ် ရှိပြီဟု တွက်ဆနိုင်သဖြင့် ယခုနှစ်မှစ၍ စတင်အခွန်ဆောင်ရမည်ဟု မှန်းဆနိုင်ပါသည်။

အယ်လ်ဖာဘိလပ်မြေစီမံကိန်းအတွက် အလုပ်သမားခန့်ထားမှုကို စီမံကိန်းအဆိုပြုလွှာဖော်ပြချက်အရ မြန်မာနိုင်ငံသား ၅၆၀ နှင့် တရုတ်နိုင်ငံသား ၁၀၂ ဦး ခန့်ထားမည်ဟု တွေ့ရှိရသည်။ သို့သော် စစ်ဖြစ်ပွားချိန်တွင် ထိုစီမံကိန်း၌ လုပ်ကိုင်နေသော တရုတ်နိုင်ငံသားအရေအတွက်ကို အတိအကျမသိရှိရပါ။

စက်ရုံလည်ပတ်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ၄၀ မီဂ္ဂါဝပ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက် ထုတ်လုပ်လည်ပတ်မည်ဖြစ်ပြီး၊ လိုအပ်သော ကျောက်မီးသွေးကုန်ကြမ်းကို ဩစတြေးလျနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့မှ တင်သွင်းမည့်အပြင်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တို့မှ ထွက်ရှိသော ကျောက်မီးသွေးကိုလည်း အသုံးပြုမည်ဟု MIC အဆိုပြုလွှာတွင် ဖော်ပြထားသည်။

ယခုအခါ ကျောက်မီးသွေးထွက်ရှိရာ စစ်ကိုင်း၊ မကွေးနှင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်း (မြောက်) ဒေသတို့သည် စစ်တပ်ကို လက်နက်ကိုင်တော်လှန်သော ဒေသများဖြစ်၍ ကျောက်မီးသွေးရရှိမှု ခက်ခဲနိုင်ပါသည်။

Myanmar Conch Cement Co., Ltd. သည် ကျောက်ဆည်မြို့ရှိ စက်မှုဝန်ကြီးဌာနပိုင် အမှတ် (၃၃) အကြီးစားစက်မှုလုပ်ငန်း မြေနေရာကိုလည်း Build-Operate-Transfer ခေါ် တည်ဆောက်၊ စီမံလုပ်ကိုင်၊ လွှဲပြောင်းစနစ်ဖြင့် MIC ခွင့်မိန့်အမှတ် ၉၀၉/၂၀၁၅ ဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လုပ်ပိုင်ခွင့်ရရှိထားပြီး၊ အယ်လ်ဖာဘိလပ်မြေစက်ရုံ လည်ပတ်ခဲ့သည်။

ဘိလပ်မြေစက်ရုံနောက်က နိုင်ငံရေးအားပြိုင်မှုများ

အယ်လ်ဖာဘိလပ်မြေစက်ရုံ မတ္တရာတွင် ရုပ်လုံးပေါ်လာချိန်တွင် စက်ရုံနှင့် ဒေသခံများအကြား ပြင်းထန်သည့် ပဋိပက္ခများလည်း ရှိခဲ့သည်။

လူသိနည်းသော်လည်း ထိုပြဿနာများက မုံရွာမြို့တစ်ဖက်ကမ်း လက်ပံတောင်းတောင်ဒေသ တရုတ်ကြေးနီစီမံကိန်းကဲ့သို့ပင် ပြင်းထန်ခဲ့ပြီး စက်ရုံနှင့် အာဏာရအစိုးရကတစ်ဖက်၊ ရွာခံများနှင့် တက်ကြွလှုပ်ရှားသူများကတစ်ဖက် အငြင်းပွားကာ လူသေဆုံးမှုလည်း ရှိခဲ့သည်။

ပြဿနာများ၏အစက ဘိလပ်မြေစက်ရုံနှင့် စက်ရုံနှင့်ကပ်လျက် အောင်သပြေကျေးရွာမှ ရွာခံများအကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားကြခြင်းနှင့် စက်ရုံအတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်စက် ရွာအနီးတွင် တည်ဆောက်မည်ကို ကန့်ကွက်ကြခြင်းဖြစ်သည်။

MIC သို့ တင်သွင်းသော စီမံကိန်းအဆိုပြုလွှာပါ အချက်အလက်များအရ “မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု” သည် ဓာတ်သတ္တုအကြီးစားထုတ်လုပ်ခွင့်ကို ခွင့်ပြုမိန့်အမှတ် ၀၀၁၆/၂၀၁၅ ဖြင့် ထုံးကျောက်ထုတ်လုပ်ရန် ၂၅ နှစ် သက်တမ်းရှိသော ထုတ်လုပ်ခွင့်လိုင်စင်ကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရရှိထားသဖြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရရှိခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်။

ထုံးကျောက်ထုတ်လုပ်ခွင့် လုပ်ကွက် ၂ ခု၏ မြေဧရိယာစုစုပေါင်း ၆၁၇ ဧကသည် မတ္တရာမြို့နယ်၊ ကွင်းပြင်ဒေသ၊ တောင်ကန်ကျေးရွာအုပ်စုတွင် တည်ရှိသည်ဟု ဖော်ပြထားပါသည်။

ထို့အတူ တန် ၅၀၀၀ ထုတ်လုပ်မည့် အယ်လ်ဖာဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် လယ်ယာမြေ ၂၁၁.၇၀ ဧက ကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး (၈/၂၀၁၆) ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခဲ့ကြောင်း တွေ့ရှိရသည်။

သမ္မတဦးသိန်းစိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရထံသို့ အာဏာလွှဲပြောင်းရန် ၁၉ ရက်သာ လိုသည့်အချိန်တွင် လုပ်ဆောင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

ဒေသခံများက စက်ရုံဆောက်မည့် မြေနေရာများသည် ၎င်းတို့ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးခဲ့ကြသည့် မြေနေရာများဖြစ်ပြီး အတင်းအကျပ်သိမ်းဆည်းခံခဲ့ရကြောင်း ထောက်ပြကြသည်။

ဦးသိန်းစိန်လက်ထက်တွင် စတင်သည့် မကျေလည်မှုများက NLD အစိုးရလက်ထက်တွင် အမြင့်ဆုံးအရှိန်တက်ခဲ့သည်။ NLD အစိုးရကလည်း စက်ရုံစီမံကိန်းကန့်ကွက်သူများကို လက်နက်ကိုင်ရဲများလွှတ်ကာ နှိမ်နင်းခဲ့သည်။

၂၀၁၈ နှစ်လယ်ခန့်မှစပြီး ထိုဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းကို စက်ရုံနှင့်ကပ်လျက် အောင်သပြေရွာမှ ရွာခံများက ကန့်ကွက်ခဲ့ကြပြီး ၂၀၁၉ မေလတွင် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုများဖြစ်ပွားခဲ့သည်။

၂၀၁၉ မေလတွင် ရဲတပ်ဖွဲ့နှင့် ရွာသားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီးနောက် ရွာသားများက ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံတချို့ကို မီးရှို့ခဲ့ပြီး၊ ကားမှန်များလည်း ဖျက်ဆီးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် အယ်လ်ဖာကုမ္ပဏီတို့ဘက်မှ တရားစွဲဆိုထားပြီး လူပေါင်း ၃၀ ကျော်ကို ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

နောက်ပိုင်းတွင် အချုပ်ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ရွာသားများအနက်မှ အမျိုးသားတစ်ဦး ၂၀၁၉ ဇွန်လ ၅ ရက်နေ့တွင် သေဆုံးသွားသည်။ ကနဦးတွင် ထိုသူသည် အရက်ကြောင်ပြီး ဖျားနာခြင်းကြောင့် သေဆုံးခဲ့ခြင်းဟု ထောင်ဘက်က ထုတ်ပြန်ခဲ့သည်။

သို့သော် ဇူလိုင်လဆန်းတွင် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးမည်ဟု ရဲက ကြေညာခဲ့သည်။ သေဆုံးသူ၏ရုပ်အလောင်းတွင် ဒဏ်ရာများ ရှိနေသဖြင့် အကျဉ်းထောင်အတွင်း သတ်ဖြတ်ခံရခြင်းလည်း ဖြစ်နိုင်ကြောင်း ရဲက ယူဆခြင်းကြောင့် ဖြစ်သည်။

သေဆုံးသူသည် ထောင်သို့ မရောက်မီ မန္တလေးတိုင်း ပုသိမ်ကြီးရဲစခန်းတွင် ရက်အနည်းငယ် ချုပ်နှောင်ခံခဲ့ရသည်။

ထိုအမျိုးသားသေဆုံးပြီးနောက် ရက်အနည်းအကြာတွင် သေဆုံးသူရွာသားနှင့် အောင်သပြေရွာခံများ၏ အမှုတွဲကိုင်တွယ်သည့် ပုသိမ်ကြီးခရိုင်ရဲမှူးသည် သူ၏လိုင်းခန်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

NLD အစိုးရခေါင်းကိုက်ခဲ့ရသည့် ရဲနှင့် ရွာခံများအကြား ပဋိပက္ခဇာတ်ရှိန်အမြင့်ဆုံးတက်နေချိန် ၂၀၁၉ မေလ ၁၇ ရက်နေ့တွင်လည်း စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ဘုန်းတော်ကြီး ဦးဝီရသူလည်း မန္တလေးမှ အောင်သပြေရွာသို့ ရောက်လာခဲ့သည်။ ဦးဝီရသူက ရွာသားများကို ကျပ်ငွေငါးသိန်းနှင့် အစားအသောက်များ လှူဒါန်းမည်ဟု ကမ်းလှမ်းခဲ့သည်။

ရွာသားများကမူ ထိုလှူဒါန်းမှုက နိုင်ငံရေးအရောင်အသွေးပါသည်ဟု ယူဆကာ ငြင်းဆိုခဲ့သည်။

ထိုအချိန်က ပေါက်ကိုယ်တော်ဟု သူ့ကိုယ်သူအမည်ပေးထားသည့် အရှင်အရိယာဝံသလည်း ဦးဝီရသူနှင့်အတူ လိုက်ပါသွားခဲ့သည်။

ထိုဘုန်းကြီး ၂ ပါးမှာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံကြောင်း ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုခဲ့ကြသူများဖြစ်ကြသည်။

အကျိုးစီးပွားများ၊ မြေယာအငြင်းပွားမှုများ၊ နိုင်ငံရေးအားပြိုင်မှုများအကြား ရှုပ်ထွေးပွေလီနေသည့် မတ္တရာ အယ်လ်ဖာဘိလပ်မြေစက်ရုံထံသို့ နောက်ထပ်စစ်ရေးအားပြိုင်မှုတစ်ခုလည်း ရောက်လာခဲ့သည်။

ထိုစက်ရုံ၏ လတ်တလောအခြေအနေ၊ တရုတ်အကျိုးစီးပွား ထိခိုက်မှုတို့နှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် တရုတ်သံရုံး၊ တရုတ်အစိုးရ၊ စစ်ကောင်စီတို့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *