သီးကုန်းရွာ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

မြို့သစ်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော သီးကုန်းရွာ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော သီးကုန်းရွာ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနှင့် သားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုဒေါင်းသွေးနီ ကပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြို့သစ်မြို့နယ် အတွင်းရှိ သီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဆိုသူနှင့် ၎င်း၏ သားဖြစ်သူတို့ကို နေအိမ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၈ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ထွန်းထွန်းနှင့် သားဖြစ်သူတို့သည် မြို့သစ် တစ်ကြော၌ အကြမ်းဖက် စစ်ကောင်စီ အလိုကျ စစ်မှုထမ်း တပ်သားသစ်များ အတင်းအဓမ္မ ကောက်ခံခြင်း၊ ကျေးရွာမှ ပြည်ပရောက် ပြည်သူများထံမှ တစ်လ ၁ သိန်း ကောက်ခံခြင်း၊ အိမ် ၁ အိမ်ဆောက်လုပ်လျှင် အိမ်ပုံစံအပေါ် မူတည်၍ အခွန်ကောက်ခံခြင်း၊ တော်လှန်ရေးအစကတည်းက ပြည်သူများကို ဒုက္ခပေး ဖိနှပ်ခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုဒေါင်းသွေးနီ က ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြောက်ကျားတပ် (နတ်မောက်)၊ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်)၊TDG Special Guerrilla Force ၊Taungdwingyi Fighter Force (LPDF) နှင့် Yenanthar Youth Force (YYF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *