သံတွဲထောင်၌ တပ်ချခဲ့သည့် တပ်မမှူးနှင့် ဗျူဟာမှူးတို့ ပျောက်ဆုံးနေဟုဆို

အာရက္ခတပ်တော် (AA) က သံတွဲမြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေစဉ် သံတွဲအကျဉ်းထောင်ကို ခံတပ်သဖွယ်သုံး၍ အထိုင်ချတပ်စွဲခဲ့သော စစ်ကောင်စီ၏ ဗျူဟာမှူးနှင့် တပ်မမှူးတို့မှာ လက်ရှိအချိန်တွင် ပျောက်ဆုံးနေကြောင်း စစ်တပ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သတင်း ရရှိသည်။

စစ်တပ်နီးစပ်သူတဦးက “သံတွဲထောင်ကနေ ကျိန္တလီကို ရွှေ့ခိုင်းတာ လမ်းမှာပဲ ပျောက်သလိုလို၊ ပြေးသလိုလို၊ AA ဆီပဲ ရောက်သွားသလိုလိုဖြစ်နေတာ သူ့လူရင်းဆီက သိရတယ်။ ဖုန်းလည်း ပိတ်ထားတယ်၊ သူတာဝန်ထမ်းဆောင်ဆဲ ဆိုရင် ဖုန်းကိုင်ရမှာ” ဟု ပြောသည်။

ထိုအဆက်အသွယ်ပြတ်နေသည့် ဗျူဟာမှူးမှာ စိုင်းစိုင်းအောင်ဟု သိရပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်။

စစ်တပ်သည် သံတွဲအကျဉ်းထောင်အတွင်း၌ လက်နက်ကြီးနှင့်တကွ အထိုင်ချကာ ရက်သတ္တပတ် အနည်းငယ်ခန့် တပ်စွဲခဲ့ပြီး၊ သံတွဲရဲစခန်းမှ ရဲအချို့ကိုလည်း ဖမ်းဆီးထားသလို၊ ငပလီတိုက်ပွဲများကြား ထွက်ပြေးလာသည့် ဒဏ် ရာရ တပ်သားများနှင့် မိသားစုဝင်များကို ခေါ်ယူထားသည်။

ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက သံတွဲအကျဉ်းထောင်အတွင်းသို့ လေကြောင်းမှ ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အကျဉ်းသူ ၂ ဦး သေဆုံးခဲ့ကာ၊ ညနေပိုင်းတွင် သံတွဲအကျဉ်းထောင်၌ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအပါအဝင် အချို့ကို လွှတ်ပေးခဲ့သည်။

သို့သော် AA နှင့် ဆက်စပ်သည်ဟု ပုဒ်မတပ်၍ ဖမ်းဆီးထားသူများနှင့် အခြားပြစ်မှုများနှင့် နှစ်ရှည်ကျခံနေရသည့် အကျဉ်းသားအချို့ကိုမူ ဆက်လက်ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

“ဗျူဟာမှူးက ၅၅ က၊ အဲဒီလူက နည်းနည်း သဘောထား ပျော့ပြောင်းတယ်။ နိုင်ကျဉ်းတွေကို လွှတ်ပေးခဲ့တာ သူ့ အစီအစဉ်လို့ ထင်တယ်” ဟု ဒေသခံတဦးက ပြောသည်။

ပျောက်ဆုံးနေသည့် ဗျူဟာမှူး၊ တပ်မမှူးတို့နှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များနှင့် သံတွဲထောင်တွင်း ကျန်ရှိ နေသည့် အကျဉ်းသားများနှင့်ပတ်သက်သော သတင်းအချက်အလက်ကိုလည်းကောင်း သိရှိနိုင်ရန် လက်ရှိသံတွဲမြို့ကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်မှ စစ်ရေးနှင့် နီးစပ်သူတဦးကို မေးမြန်းခဲ့ရာ “အဲဒါတွေကတော့ ရုံးချုပ်က ထုတ်ပြန်မှ ရမယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

သံတွဲအကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသည့် ရဲဝန်ထမ်း မိသားစုဝင်တဦးက “သံတွဲက ရဲတွေကို စစ်မဖြစ် သေးဘဲ အလံဖြူထောင်လို့ဆိုပြီး ကျန်တဲ့ ရဲ ၉ယောက်ကို ထွက်မပြေးနိုင်အောင် သံတွဲထောင်ထဲမှာ ဖမ်းထားတယ်၊ ပြေးလို့ မိရင်လည်း သေအောင် နှိပ်စက်တော့ မပြေးဘဲ ကျန်နေခဲ့တာ၊ သူတို့ရဲ့အခြေအနေကို သိချင်နေတယ်” ဟု ပြောသည်။

လက်ရှိ သံတွဲမြို့သည် AA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီး၊ မြို့တွင်း ပိတ်မိနေသူများအား စစ်ကောင်စီ၏ လေကြောင်းရန်မှ ကင်းလွတ်မည့်နေရာများသို့ AA တပ်သားများ ရွှေ့ပြောင်းပေးနေကြသည့် ဓာတ်ပုံများကို ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *