ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသည့် FAW ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ပြင်းထန်ဒဏ်ရာရရှိပြီး သရက်ဆေးရုံတွင် ကုသနေရ

အထက်မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် FAW ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ပြင်းထန်ဒဏ်ရာရရှိပြီး သရက်ဆေးရုံတွင် ကုသနေရကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း ကပြောဆိုသည်။

ဇူလိုင်လ ‌၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပိုင်းရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာ အကြား လမ်းပိုင်းတစ်နေရာတွင် တိုင်တားကျေးရွာမှ ပြန်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၄၀ နီးပါး ပါဝင်သော အဖြူရောင် FAW ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကားပေါ်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းအပါအ၀င် စုစုပေါင်းအယောက်၂၁ ကျည် ထိမှန်ခဲ့ပြီး ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၁၅ ဦး ဒဏ်ရာအပြင်းထန် ရခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်ခံရသည့် ကားရှေ့ခန်းမှ လိုက်ပါလာသော ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းသည် ဗိုက် ၊ ပေါင် နှင့် လက်မောင်း တို့တွင် ကျည်ထိမှန်ပြီး မင်းတုန်းဆေးရုံမှ ကုသမှုမနိုင်၍ သရက်ဆေးရုံကို အခြား ဒဏ်ရာရ အကြမ်းဖက် စစ်သားများနှင့်အတူ အရေးပေါ်ပို့ဆောင်လိုက်ရပြီး ထိုမှ တဆင့် သရက်ဆေးရုံတွင် မကုသနိုင်သော စစ်သားများကို မကွေးဆေးရုံးသို့ လျှို့ဝှက် ပို့ဆောင်မှုများရှိကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ရှင်းပြသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းတုန်းဆေးရုံကို ပိတ်ဆို့ကာ အခြား ပြည်သူများ ၀င်ရောက်ဆေးကုသခွင့်များလည်း ပိတ်ပင်ခြင်း ၊ မြို့အတွင်း၌ အရေးပေါ် မာရှယ်လောထုတ်ခြင်းများ ပြုလုပ်ကာ တစ်မြို့လုံးကို သတင်းအမှောင်ချပြီး ထိခိုက်ဒဏ်ရာရ စစ်သားများကို အရေးပေါ် ဆေးကုသနေကြောင်း သိရသည်။

“ပုသိမ်-မုံရွာ လမ်းပိုင်ဆိုင်ရာ ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို ပြည်သူ‌တွေ ပူးပေါင်းလိုက်နာပေးဖို့ အသိပေး ပြောကြားချင်ပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ပြောဆိုသည်။

ထို့ပြင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အထက်မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွားအနီး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းတုန်းမြို့နယ် ပ.က.ဖ ၊ မင်းလှမြို့နယ် ပ.က.ဖ ၊ မကွေးမြို့နယ် ပ.က.ဖ ၊ United States Of Burma Army – USBA ၊ West River Army -WRA ၊ Key Of Revolution Guerrilla Force နှင့် Mindon Township People Defense Organization (မင်းတုန်းမြိုနယ်ပကဖ) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *