မန္တလေး Mytel ရုံးချုပ် လုံခြုံရေးချထားတဲ့ကြားကနေ ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၆၂/၃၈လမ်းရှိ စစ်တပ်ပိုင် Mytel ရုံးချုပ်ရှိ စစ်အုပ်စုနောက်လိုက်ပြည်သူ့စစ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၄နာရီခွဲအချိန်မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားကနေ စစ်တပ်ပိုင်မိုင်တဲရုံးက ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“မနက်အစောကြီးအသံကြားရတာပဲဗျ။ ဒီနေရာက လုံခြုံရေးချထားတဲ့နေရာပါ။ မန္တလေးကလည်း ခပ်လှုပ်လှုပ်ဖြစ်နေတာ။ စစ်ရှောင်လာတဲ့သူတွေလည်းအများကြီး။ တိုက်ပွဲတွေကလည်း မြို့နားကပ်လာပြီ။ စခဘက်ကလည်း အထပ်မြင့်တွေပေါ်မှာလုံခြုံရေးချထားသလို မန္တလေးတောင်နဲ့ ရန်ကင်းတောင်မှာ လက်နက်ကြီးတွေဆင်ထားတယ်။ မြို့အဝင်အထွက်ကိုလည်း လုံခြုံရေးအပြည့်ချထားတဲ့ကြားကနေ မိုင်တဲလ်ရုံးအခွဲခံရတာ။ ၂ကောင်ဂန်းတယ်တဲ့”လို့ဒေငခံတဦးကပြောပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ဝရဇိန်အထူးစစ်ဆင်ရေးရဲ့ဒုတိယအကြိမ်အုဖစ်နဲ့ မိုင်တဲလ်ရုံးချုပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့စစ်၂ဦးသေဆုံးသွားတယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း နဲ့ Civilian Military – Sagain Region Defense Force၊ Satan is Coming (CM – SRDF) တို့က ဆောင်ရွက်ခဲ့တာ လို့သိရပါတယ်။

အာဇာနည်နေ့မှာ မန္တလေးက Mytel ရုံးချုပ် အတိုက်ခံရ

အာဇာနည်နေ့ဖြစ်တာကြောင့် လုံခြုံရေး တင်းကြပ်ထားတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ Mytel ရုံးချုပ်ကို တော်လှန်ရေးအင်အားစုတွေက ဒီနေ့ ဇူလိုင် ၁၉ရက် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၅) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

မဟာအောင်မြေမြို့နယ် ၆၂ လမ်းနဲ့ ၃၈လမ်းမှာရှိတဲ့ စစ်ကောင်စီထောက်တိုင် Mytel ရုံးချုပ်ကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းနဲ့ Civilian Military – Sagain Region Defense Force၊ Satan is Coming (CM – SRDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“တိုက်ခိုက်ခံရတာတော့ သေချာတယ်ဗျ။ အဲ့ရုံးမှာ လူကတော့ လုံခြုံရေး(security)တွေပဲရှိတယ်ပြော တယ်။ လူထိခိုက်မှုရှိမရှိ မသိရသေးဘူး။ Ambulance အသံတော့မကြားရဘူးဗျ”လို့ မန္တလေးမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းဟာ မန္တလေးမြို့ အနီးကိုပါ ရောက်ရှိလာနေပြီဖြစ်တာကြောင့် စစ်ကောင်စီဟာ မြို့ဝင်မြို့ထွက် နေရာအနှံအပြားအပြင် မြို့တွင်းအထပ်မြင့်နေရာတွေ၊ မန္တလေးတောင်ပေါ်နဲ့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Leave a Comment