မတူပီမှဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ခန့်အနက် အချို့မှာလမ်းတွင် သေဆုံး

တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ သေဆုံးခဲ့ရမှု မတူပီဗျူဟာမှူးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အား ရှုတ်ချကြောင်း အလင်းဝင်သည့်ဗိုလ်မှူးပြော

မတူပီမြို့ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ခိုက်လာ၍ စခန်းစွန့် ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစု၊ ဝန်ထမ်းများ၊ ရဲများ၊ ရဲမိသားစုဝင်များ စုစုပေါင်းအင်အား ၆၀၀ခန့်ရှိပြီး လမ်းခရီး၌ အများအပြားသေဆုံးခဲ့ရဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဗိုလ်မှူး ရဲမင်းထွန်းသည် ထိုသို့ ဆုတ်ခွာခဲ့သည့် စစ်ကြောင်းမှ ခွဲထွက်ပြီး ချင်းညီနောင်ထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာမှုကြောင့် စစ်ရေး ပြင်းထန်နေသည့် အခြေအနေတွင် ခလရ(၁၄၀)၌ စစ်ကောင်စီအရာရှိများ စုစည်းပြီး ခံစစ်ပြင်ရန် သို့မဟုတ် သွားလာရန် တိုင်ပင်ဆွေးနွေးခဲ့ရာ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း ရှင်းပြသည်။

“ကျည်ဆံခဲယမ်းကလည်းတကယ်တန်း မလောက်တော့ဘူး။ ဒီအင်အားနဲ့ တကယ်လို့ ၁၄၀ ထဲမှာ အားလုံး ဝိုင်းနေရာယူထားရင်လည်း အပေါ်က Dropဗုံးခဏခဏချတာနဲ့ ကလေးတွေ မိန်းမတွေ ဒဏ်ရာရမယ်။အခုချက်ချင်း ထွက် ရင်ထွက် မထွက်ရင် နောက်နေ့ဆိုတာ မသေချာဘူးဆိုတာ အရာရှိတွေအားလုံးက တိုင်ပင်ကြပါတယ်။ အရာရှိတွေအားလုံး တိုင်ပင်ကြတဲ့အချိန် လမ်းကြောင်းရွေးကြပါတယ်”ဟု ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။

လမ်းအချို့တွင် စစ်ကောင်စီက ခင်းထားသည့် မိုင်းများ ရှိနေသည့်အပြင် တက်လာသည့် အဖွဲ့များရှိနေသည့်အပြင် ကိုယ့်မိုင်းကိုယ်ပြန်ရှာသွားနေရပါက ကလေးများ ထိခိုက်မည်ဆို၍ မြစ်ကိုဖြတ်ကူးမည့် လမ်းတစ်ခုကို ရွေးခဲ့ကြောင်း ပြောပြသည်။

ဇွန်လကုန်ပိုင်း ညသန်းခေါင်တွင် မိသားစုများ ကလေးများ အပါအဝင် အင်အားခန့်မှန်း ၆၀၀ နီးပါး ထွက်ခွာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာစဉ် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ မြစ်ကိုဖြတ်ကူးချိန် ရေတွင်ပါသွားသူများလည်းရှိကြောင်း မြစ်ကူးပြီးချိန်တွင် အင်အား ၄၅၀ကျော် ကျန်ခဲ့ကြောင်း၊ မြစ်တစ်ဖက်ကမ်းတွင် လူနာနှင့် ဒဏ်ရာရရဲဘော်များလည်း ကျန်နေခဲ့ကြောင်း၊ မိသားစုအချို့လည်း ကျန်နေခဲ့ကြောင်း ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

လမ်း၌ ၅ရက် ၊ ၆ရက် ကြာသည့်အချိန်တွင် ရဲမေနှင့် မိသားစုဝင်များ အစာရေစာ ငတ်ပြတ်ပြီး အချို့ကလေးငယ်နှင့် မိခင်များ သေဆုံးမှုရှိခဲ့ကြောင်း၊ ဆေးဝါး ပြတ်တောက်လာ၍ ဒဏ်ရာရ သူများလည်း သေဆုံးမှုရှိခဲ့ကြောင်း ပြောပြသည်။

“သေဆုံးသွားတဲ့ အဖွဲကတွေကိုလည်း လမ်းမှာပဲ သင်္ဂြိုလ်၊ ဟိုလိုမျိုး မြေမြှုပ်သင်္ဂြိုလ်တဲ့ပုံစံတော့မလုပ်ခဲ့ရဘဲ အဲဒီမှာ ဆက်ထွက်လာပါတယ်” ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဇူလိုင်လ ၆ရက် နေ့လယ်တွင် ဗိုလ်မှူး ရဲမင်းထွန်းအပါဝင် အရာရှိ ၄ဦး၊ အရပ်သားတစ်ဦးနှင့် စစ်သည် အချို့ စုစုပေါင်း ၁၂ဦးသည် စစ်ကြောင်းမှ ခွဲထွက်လာပြီး အလင်းဝင်ခဲ့ရာ ချင်းညီနောင်အဖွဲ့က လာကြိုကာ ကောင်းကောင်းမွန်မွန်ထားရှိကြောင်း ပြောပြသည်။

“ဆုတ်ခွာရာလမ်းကြောင်းတလျှောက်မှာ ကျနော့်ရဲ့မိသားစုဝင်တွေအနေနဲ့ သေကြေပျက်စီးတာတွေ၊ မသေသင့်ဘဲလမ်းကြောင်းရွေးချယ်တာမှားယွင်းမှုကြောင့် ဗျူဟာမှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် သေကြေပျက်စီးသွားတာတွေကိုမြင်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်” ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဗျူဟာမျူး ဗိုလ်မှူးကြီး ဇော်မျိုးထွန်း၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ယခုကဲ့သို့ မသေသင့်ဘဲ သေဆုံးခဲ့ရသူများရှိခဲ့သည်ဟု ပြောသည်။

“မသေသင့်တဲ့ ကလေးသူငယ်တွေနဲ့ မိသားစုဝင် ရဲမေမှီခိုတွေ၊ နောက်ပြီး အရပ်သားဝန်ထမ်းတွေ၊ နောက်ပြီး ရဲမိသားစုဝင်ထမ်းတွေ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျဆုံးသွားတဲ့အတွက် ဗျူဟာမှူးကိုလည်းလုံး၀ မကျေနပ်ပါဘူး။ နောက်ပြီးတော့ အထက်ကိုလည်း အထက်ကရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဘာတို့ကိုလည်း ဒီလောက် အခက်အခဲဖြစ်နေတာကို ကယ်လို့ရတဲ့ အချိန်တုန်းက မကယ်ထုတ်ဘဲနဲ့ ကယ်လို့ မရတော့တဲ့ အချိန်ကျတော့လည်း နောက်ပြီး စားနပ်ရိက္ခာ နောက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခြင်းမရှိတာကိုလည်း ကျနော် ရှုံ့ချပါတယ်”ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

မသေသင့်ဘဲ အသက်ပေးခဲ့ရသည့် ၎င်း၏ တပည့်နှင့် မိသားစုဝင်များကိုစား ရှုတ်ချကြောင်း ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်)ကို ရှုတ်ချကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူး ရဲမင်းထွန်းက ထပ်လောင်းပြောသည်။

ချင်းညီနောင်နှင့် AAတို့သည် မတူပီမြို့သိမ်း တိုက်ပွဲကို ဇွန်လ ၉ရက်တွင် စတင်ခဲ့ရာ သုံးပတ်အကြာ ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Photo: ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူးရဲမင်းထွန်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *