မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဥက္ကဋ္ဌနှင့် အရာရှိတချို့ ဖမ်းဆီးစစ်ဆေးခံနေရ

ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမည်ဟု ကြေညာထားသည့် စစ်ကောင်စီက နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဥက္ကဋ္ဌနှင့် အရာရှိ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

နိုင်ငံခြားသုံးငွေနှင့် နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာအကျဆုံး နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုမှ ဦးဆောင်ညွှန်ကြားရေးမှူးအပါအဝင် ဘဏ်အရာရှိ ၄ ဦးထက်မနည်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီ၊ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်အေးအေးခိုင်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး၏ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆုတို့ကို ပို့ကုန်ရငွေများနှင့် ဆက်နွှယ်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း ဘဏ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“အစစ်အဆေး၊ အထိန်းအသိမ်းခံရတာတော့ သေချာတယ်။ (အကြမ်းဖျင်း) Export loan နဲ့ ပတ်သက်တာပေါ့။ ကုမ္ပဏီတစ်ခုက တိုင်တာပါ။ ရုံးလာစစ်တာ။ အချုပ်ကားနဲ့ ခေါ်သွားတယ်” ဟု ရန်ကုန်မြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

လက်ရှိတွင် MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်ဝင်းဝင်းမော်က ဦးဆောင်ကိုင်တွယ်နေကြောင်း ၎င်းက ပြောသည်။

ဘဏ်အရာရှိတချို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးရှိ MFTB ဘဏ်ကို ဆက်သွယ်မေးမြန်းရာတွင် “အဲ့ဒါတွေကျတော့ ကျွန်မတို့ ဖြေပိုင်ခွင့်မရှိဘူးနော်” ဟုသာ အမျိုးသမီးဝန်ထမ်းတစ်ဦးက တုံ့ပြန်သည်။

အသေးစိတ်အခြေအနေမသိရသေးသော်လည်း MFTB ဘဏ်အရာရှိများ ဖမ်းဆီးစစ်ဆေးခံရနေသည်ဟု ကြားသိရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ဆေးခံနေရသည့် ဒေါ်ကေသီသည် ဌာနခွဲပေါင်း ၁၂ ခုရှိသည့် MFTB ဘဏ်တွင် ၂၀၁၈ ဇွန်လလယ်ပိုင်းကတည်းက ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်လာသည်ဟု ဘဏ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဦးဆောင်ညွှန်ကြားရေးမှူးသည် အဖွဲ့ဝင် ၉ ဦးပါ ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။

ထိုဘဏ်သည် ပြည်တွင်းပြည်ပဘဏ်လုပ်ငန်း၊ ATM ကတ်ဝန်ဆောင်မှုနှင့် အခြားဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးနေပြီး စစ်တပ်ထိန်းချုပ် စီမံဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုအနက် တစ်ခုဖြစ်သည်။

အခြား ဘဏ် ၃ ခုမှာ MICB ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာကျသည့် MFTB နှင့် MICB ဘဏ်တို့ကို ၂၀၂၃ ဇွန်တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့်အတူ ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။

ဖိနှိပ်ခံ မြန်မာပြည်သူများကို ထောက်ခံအားပေးရန်၊ လက်နက်အားကိုးဖြင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

MFTB ဘဏ်သည် အမေရိကန်အခြေစိုက် Bank of America, ဗြိတိန်အခြေစိုက် Standard Chartered အပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဘဏ်စာရင်းဖွင့်ထားသည့် ကွန်ရက်အကြီးမားဆုံးဘဏ်ကြီးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ငွေပေးချေမှုသာမက အစိုးရ၏ နိုင်ငံခြားငွေပေးချေမှုများကို ဝန်ဆောင်မှုပေးရသည်ဟု သိရသည်။

စစ်ကောင်စီကမူ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က တစ်ဖက်သတ်ပိတ်ဆို့ခြင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ နိုင်ငံခြားရရှိသုံးစွဲမှုများကို သက်ရောက်စေကြောင်း၊ ကုန်သည်များနှင့် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုရယူသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများကို ထိခိုက်စေကြောင်း ၂၀၂၃ ဩဂုတ် ၂၂ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင် ရွှေ၊ ဒေါ်လာ၊ အထွေထွေကုန်ဈေးနှုန်းထိန်းရန် အကြောင်းပြချက်ဖြင့် နယ်ပယ်စုံမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ဖမ်းဆီးနေသည်။

ပုဂ္ဂလိကဘဏ် ၇ ခုကို ညွှန်ကြားချက်ဖောက်ဖျက်၍ အိမ်ရာချေးငွေများပြားစွာထုတ်ချေးသည်ဆိုကာ အရေးယူမည်ဟု ဇူလိုင် ၁ တွင် ထုတ်ပြန်လာသည်။

ထိုဘဏ် ၇ ခုမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘက်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသန်းကြွယ်သူဌေးစာရင်းဝင်သော၊ ရိုးမဘဏ်နှင့် FMI အိမ်ခြေမြေသူဌေးကြီးဖြစ်သော ဦးသိမ်းဝေ (ခ) Serge Pun အပါအဝင် ဒါရိုက်တာအဆင့်ရှိသူ ရှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ခေါ်ယူစစ်ဆေးနေကြောင်း သတင်းဖော်ပြပြီးသည်။

ယခုလ ၁၀ ရက်တွင် စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး စီးပွားရေးလက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်း၊ တည်ဆဲဥပဒေများ ဖောက်ဖျက်ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက အရေးယူမည်ဟု ပြောဆိုခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *