ဝိုင်းမော်မြို့ ခလရ(၅၈)ထောင်ထားသည့်မိုင်း ပြန်နင်းမိသည့် စစ်ကောင်စီဒုတပ်ကြပ် ခြေဖြတ်လိုက်ရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ခလရ(၅၈) တပ်ရင်း ခြံစည်းရိုး၌ ထောင်ထားသည့်မိုင်း ပြန် နင်းမိသည့် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

ခလရ(၅၈)မှ ဒုတပ်ကြပ်သိန်း‌အေးသည် ဇူလိုင် ၁၇ရက်က မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ် တောက်လိုက်ရသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ကိုယ်ထောင်တဲ့မိုင်း ကိုယ့်ဘာသာကိုယ်ပြန်နင်းမိတာ။ ယာမစိတ်ကြွဆေးတွေသုံးပြီး လျှောက် သွားရင်း မိုင်းထိတာ”ဟု ၎င်းက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ကောင်စီ၏ စခန်းအများအပြားတိုက်ခိုက်သိမ်းပိုက်ထားသည့်ဝိုင်းမော်မြို့တွင် ခလရ(၅၈)တပ်ရင်း တစ်ခုသာ ကျန်ရှိတော့သည်။

စစ်ကောင်စီက ခလရ(၅၈)ပတ်ဝန်းကျင်၌ ကာကင်းအများအပြားချထားပြီး မိုင်းများလည်းထောင်ထားသည်။ ပြီးခဲ့သည့်ဇွန်လကလည်း ခလရ(၅၈)အနီးရှိ ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါး မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

စစ်ကောင်စီသည် ဝိုင်းမော်မြို့နှင့် (၂)မိုင်ခန့်အကွာရှိ မုတ်လွဲရာလမ်းဆုံ၌ အင်အား ၁၀၀ခန့်တပ်ဆွဲထားပြီး လက်နက်ကြီးတပ်ဆင်ထားသည်။

စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခလရ(၅၈)နှင့်မုတ်လွဲရာလမ်းဆုံမှနေ၍ လက်နက်ကြီးများ မကြာခဏပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

Leave a Comment