ပင်လယ်မှ မျောလာသည့် ပုံးကို အရက်အဆီပုံး အထင်ဖြင့် သောက်မိပြီး စစ်သား ၅ ဦး သေဆုံး

မြန်မာ့ပင်လယ်ပြင် ရေပိုက်နက်အတွင်းရှိ ပါလီပါလဲ့ကျွန်းတွင် ပင်လယ်ထဲမှ မျောလာသည့် ပုံးတပုံးကို အရက်အဆီပုံး အထင်ဖြင့် ရေရောသောက်မိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး အနက် ငါးဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က ဧရာဝတီတိုင်း ၊ ဟိုင်းကြီးကျွန်းနှင့် ကိုကိုးကျွန်း အကြားရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲရာ ပါလီပါလဲ့ကျွန်းသို့ ပုံးတပုံး မျောလာခဲ့ရာ ထိုပုံးထဲမှအရည်များကို အရက်ဆီဟုထင်ပြီး သောက်မိသည့် စစ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ရေတပ်နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“မျောလာတဲ့ ပုံးထဲမှာ အရက်ပြန်တွေလား၊ တာပင်တိုင် တွေလားမသိဘူး အဲ့တာတွေကို သောက်မိပြီး ငါးယောက်ကတော့ ပါလီပါလဲ့မှာပဲ တခါတည်း သေသွားတယ်။ သုံးယောက်ကတော့ မသေပေမယ့် အခြေအနေမကောင်းဘူး”ဟု ဆိုသည်။

သေဆုံး စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးနှင့် ဆေးကုသမှုခံယူနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးတို့ကို ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် ဟိုင်းကြီးကျွန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သဖြင့် ထိုဖြစ်စဥ်များကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ပတ်သက်၍ အမဲသား နှင့် ခရုကို တွဲဖက်စားမိ၍ အစာအဆိပ်သင့်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဟိုင်းကြီးရေတပ်က သတင်းလွှင့်ထားသည်ဟု ဒေသခံများကပြောသည်။

ပါလီပါလဲ့ကျွန်းသည် မြန်မာ့ပင်လယ်ပြင် ရေပိုက်နက်အတွင်းရှိသည့် ကျွန်တကျွန်းဖြစ်ပြီး အဆိုပါကျွန်းတွင် ဟိုင်းကြီးရေတပ် (ပမ္မဝတီရေတပ်စခန်းဌာနချုပ်) လက် အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးခန့် အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။

ပုံအညွှန်း- ပါလီပါလဲ့ကျွန်း (ဓာတ်ပုံ-ပေးပို့)


Comments

Leave a Reply

Your email address will not be published. Required fields are marked *