ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေစဉ် ဗုံးကြဲခံရ၍ ၃၀ ဦးခန့်သေဆုံး

ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေစဉ် ဗုံးကြဲခံရ၍ ၃၀ ဦးခန့်သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် (ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ) ၊ ငပုအင်းကျောင်းသစ်ဘုန်းကြီးကျောင်း၌ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝါဆိုလပြည့်နေ့၊ ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်နေမှုများလုပ်ဆောင်နေစဉ် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃၀ ခန့် သေ‌‌ဆုံးခဲ့သည်ဟု ကနဦး သတင်းများအရ သိရသည်။

ကျိုက်မရောမြို့နယ်၊ သံပုရာကျေးရွာအုပ်စုအတွင်းရှိ ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းနေရာနှင့် လွှစင်ကုန်းကျေးရွာလမ်းဆုံနေရာအား ဇူလိုင် ၁၉ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား လူ ၂၀ ကျော် (စိစစ်ဆဲ) နှင့် KNLA မဟာမိတ် PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်းများမှ ရဲဘော် (၁၀) ဦးကျော် ကျဆုံးကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၎င်းက “အခုမနက်အထိကတော့ သေဆုံးတဲ့ သူတွေ၊ ပျက်စီးသွားတဲ့ နေရာတွေကို ဆက်ရှာနေတုန်းပဲ၊ အပြင်မှာ မထိခိုက်ဘဲ ကျန်တဲ့ ရွာသားတွေ၊ တော်လှန်ရေးအဖွဲ့တွေကိုလည်း လူပြန်စစ်နေရတယ်။ မနေ့က ဗုံးကျပြီးတော့တွေ့ရတာက နှစ်နေရာပေါင်းပေါ့၊ ခြေလက်တွေစုလို့ရတာ အလောင်းရတာ အရပ်သား၊ ကလေး၊ လူကြီးရော PDF ရဲဘော်ရောဆို ၃၀ ကျော် ၄၀ လောက် အစအနတွေ ရတယ်။ ငပုအင်း ကျောင်းသစ်က ဆွမ်းစားဆောင် တစ်ဆောင်လုံး ပျက်သွားတာ၊ လွှစင်ကုန်းလမ်းဆုံမှာဆိုလည်း အိမ်တွေ ဆိုင်ခန်းတွေ ပွင့်ထွက်ပြီး ပြိုကုန်တာတွေကို ဖယ်ပြီးရှာနေတုန်းပဲ”ဟုပြောသည်။

အဆိုပါ ဗုံးကြဲခံရသည့် ငပုအင်းကျောင်းသစ်ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ် ပြင်ဆင်နေကြသည့် ဒေသခံရွာသားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် PDF စစ်ကြောင်းမှ ရဲဘော်အချို့ရှိနေပြီး လွှစင်ကုန်းကျေးရွာ လမ်းဆုံနေရာတွင် ကျေးရွာဈေးတန်းဈေးရောင်းချနေချိန်အတွင်း လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် ဒေသခံကျေးရွာသားများ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲလည်း မဖြစ်ဘူး။ ရွာမှာ အေးဆေးပဲ ရှိနေကြတာ၊ ဘုန်းကြီးကျောင်းမှာလည်း ဆွမ်းကွမ်းအလှူကိစ္စ လုပ်နေကြတာ။ PDF အဖွဲ့တွေလည်း လာကူချက်ပြုတ် ပေးနေကြတာမျိုးရှိနေချိန်မှာ ဗုံးကြတာ၊ ဒဏ်ရာရတဲ့ သူတွေကတော့ KNU ဆေးတပ်ဖွဲ့ဆီ ပို့ပေး ကုပေးနေတယ်။ နောက်ထပ် ဗုံးလာကြဲမှာ ကြောက်ပြီးအကုန်နေရာ ရွှေ့တာ ၊ရှောင်ကြတာမျိုးတော့ ရှိတာပေါ့။ ”ဟု အမည်မဖော်လိုသူ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ KNU/KNLA တပ်မဟာ ၆ တာဝန်ရှိသူများမှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ၊ မဟာမိတ်ပူးပေါင်း PDF စစ်ကြောင်း များဘက်မှလည်း သတင်းထုတ်ပြန် ပြောဆိုမရှိသေးပေ။

လတ်တလောတွင် ကျိုက်မရောမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုရှိလာမည့်အရေး KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ဆိုင်ထားသည့် အခြေအနေရှိ နေသည့်အတွက် သံပုရာ၊ အနန်းကွင်း၊ ခလယ်၊ တခွန်တိုင်၊ ချောင်းနှစ်ခွကျေးရွာများဘက်ရှိ ဒေသခံများ ဖြတ်သန်းသွား လာရာတွင် တိုက်ပွဲကြားပိတ်မိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ကျိုက်မရောကဖိုင်ပါ

ရင်နာလိုက်တာ

စိတ်ခိုင်မှကြည့်ကြပါ


Comments

Leave a Reply

Your email address will not be published. Required fields are marked *