မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာထားရာမှ ထပ်မံ တိုးမြှင့် အရေးယူမည်ကို မင်းအောင်လှိုင် အလွန်စိုးရိမ်နေ

ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာထားရာမှ ထပ်မံ တိုးမြှင့် အရေးယူမည်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလွန်စိုးရိမ်နေ

ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းကြေညာထားရာမှ ထပ်မံ တိုးမြှင့် အရေးယူမည်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အလွန်စိုးရိမ်နေကြောင်း နေပြည်တော် သတင်းရင်းမြစ်ကပြောဆိုသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး ခေါ် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ် အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ် ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် FATF ဥက္ကဋ္ဌ T. Raja Kuma က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဘဏ်များက စစ်တပ်အတွက် စစ်လက်နက်များ ဝယ်ယူရေး နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှား ရှောင်လွဲနေသည့်အပေါ် ကုလသမဂ္ဂ၏ အစီရင်ခံစာများ ထွက်ရှိနေခြင်း၊ စစ်လက်နက်များ ဝယ်ယူရန် ငွေကြေးခဝါချမှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် FATF က အမည်ပျက်စာရင်းကြေညာထားရာမှ အဆုံးစွန် ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ ထပ်မံ တိုးမြှင့် လုပ်လာမည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အလွန်အမင်း စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” FATF က မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးအရ အရေးယူမှုတွေ လုပ်လာမှာကို တပ်ချုပ်ရော ဗဟိုဘဏ်ဘက်ကရော အရမ်းစိုးရိမ်နေတယ်။ ဒီလို အရေးယူခံရရင် လက်ရှိ ထိုးကျနေတဲ့ ဘဏ္ဍာရေး၊ စီးပွားရေး အခြေအနေထက် အရမ်းကို ဆိုးဝါးသွားမယ်။ လက်ရှိမှာ FATF ရဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးဖို့ ဗဟိုဘဏ်ဘက်က အားသွန်ခွန်စိုက် အရမ်းကို ကြိုးစားနေတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကုလသမဂ္ဂကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာ၊ ရှောင်တာနယ်ရဲ့ သုံးသပ်ချက်တွေ ထွက်လာတော့ ဒီဘက်က အရမ်းကို စိုးရိမ်နေကြတယ်။ FATF ရဲ့ အမည်ပျက်စာရင်းကနေပယ်ဖျက်ဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီပေးဖို့ အကူအညီတောင်းထားတယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ရှင်းပြသည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး ဆုံးဖြတ်ရန် ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာ ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုရှိလာခဲ့ကြောင်း၊ FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့မှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက် ခွာခြင်းနှင့် ထပ်မံ၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန် မဖြစ်နိုင်တော့သည့်အခြေ အနေများ ပေါ်ထွန်းနေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *