ချင်းပြည်မြို့တော် ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ ရကာ အချုပ်သား (၆၀)ကျော်ကို ကယ်ထုတ်နိုင်

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့က စစ်အုပ်စု ရဲစခန်းကို ဒီမနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု ဖမ်းဆီးထားသူ (၆၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ Chinland Defense Force – Hakha (CDF-ဟားခါး) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇူလိုင်(၂၀)ရက်၊ မနက်(၅)နာရီခွဲမှာ Operation Rung အမည်နဲ့ ဟားခါးမြို့မ ရဲစခန်းကို Chinland Defense Force – Hakha က တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“ထိုတိုက်ပွဲတွင် ရဲ လေးဦး သေဆုံးပြီ၊ အများအပြား ဒဏ်ရာ ရခဲ့သည့် အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ပါသည်။ ထို့ပြင် အကျဥ်းသား (၆၂)ဦး (ယောကျ်ား (၄၉)ယောက်နှင့် မိန်းကလေး (၁၃)ယောက်) တို့ကိုလည်း ကယ်တင် နိုင်ခဲ့ပါသည်” လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။

CDF – ဟားခါး အနေနဲ့ ဖက်ဆစ်တပ် အမြစ်ပြတ်ရေး ဆက်လက် တိုက်ပွဲဝင်နေပြီး အများပြည်သူက ပူးပေါင်း ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

“မိမိတို့ CDF-Hakha အနေဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲ ဖော်ဆောင်သွားမည် ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်‌‌ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ CDF-ဟားခါးက ဆိုပါတယ်။

ဟားခါးမြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး စစ်အုပ်စု ပြည်နယ်ရုံးစိုက်ရာ မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီတောင် တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။

ချင်းပြည် ဟားခါးမြို့ မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – CDF – ဟားခါး

ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၃ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်း သားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး ကျန်ရဲတပ်ဖွဲ့ ဝင်များ ထွက်ပြေးသွားကြောင်း၊ ထိုသို့ ရဲများ ထွက်ပြေးသွားပြီး အချုပ်ခန်းအတွင်းမှ အကျဉ်းသား အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အခုလုံခြုံတဲ့နေရာပြန်ရောက်ပြီ၊ ငါတို့စခန်းပြန်ရောက်ပြီ။ ဒီမနက် ၅ နာရီခွဲလောက်ကနေ စတိုက် တာ၊ ရဲ ၃ ယောက်တော့ ကျသွားတာပေါ့၊ စခန်းမှာက စစ်သားမရှိဘူး။ ရဲတွေပဲ၊ ရဲက ၁၄ ယောက် လောက်ရှိတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးသွားတာ၊ ဖမ်းမိတာမရှိဘူး၊ လုပ်နိုင်သလောက်လုပ်ပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တာ၊ မိန်းကလေး ၁၃ ယောက်နဲ့ ယောက်ျားလေး ၄၉ ယောက် အားလုံးပေါင်း ၆၂ ယောက်ပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေရောအားလုံးပဲ အခုတော့ စစ်ဆေးနေတုန်း၊ စိစစ်နေတုန်း၊ ဒီလောက်ပဲ ပြောလို့ရဦးမယ်” ဟု CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထိုသို့ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သားများက စစ်ကူပေးခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ချင်းပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များမှ မြို့ပြင်မှ အသင့်စောင့်ဆိုင်းနေပြီး အကြမ်းဖက်စစ်သားများမှာ မြို့တွင်းရှိ ၎င်းတို့ တပ်ရင်းစခန်းအတွင်း၌ ပုန်းခိုနေကြောင်း သိရသည်။

ဓာတ်ပုံ- ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးပုံဖြစ်ပါသည်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *