စဥ့်ကူးမြို့ကို စစ်အုပ်စု ပြန်မသိမ်းနိုင်၊ ဓာတ်ပုံရိုက်ပြီး ဝါဒဖြန့်နေတာ ဖြစ်

မြို့ထဲဝင်ဖို့ ကြိုးစားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရကာ အထိနာလို့ ပြန်ဆုတ်ပြေး၊

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်ထားပြီလို့ စစ်အုပ်စုက သတင်းဖြန့်ပြီး ရေကြောင်းကတဆင့် မြို့ကို စီးနင်းထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မြို့ပေါ်အတက်မှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အထိနာ အသေများကာ ပြန်ဆုတ်သွားတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။

ဇူလိုင်(၂၀)ရက် မနေ့က ညနေပိုင်းမှာ စစ်သင်္ဘော အပါအဝင် စစ်အုပ်စု ရေယာဉ် ခြောက်စင်းနဲ့ စဥ့်ကူးမြို့ဆိပ်ကမ်းကို ထိုးကပ်ကာ ရဲစခန်းနားအထိ စစ်တပ်စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်က ပြောပါတယ်။

“ဇွတ်ကို ထိုးဆင်လာတာ။ ရဲစခန်းနားအထိတော့ တိုးလာတယ်။ ဓာတ်ပုံရိုက်ပြီး ပြန်ပြေးတက်သွားတာ။တိုက်ပွဲဖြစ်ပြီး သူတို့ဘက်ကလည်း တော်တော်ကျတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲဒီစစ် သင်္ဘောတွေဟာ ဇူလိုင်(၁၉)ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လေယာဥ်ပစ်ကူနဲ့ ကျောက်မြောင်းတပ်ကို ရိက္ခာနဲ့လက်နက်ခဲယမ်း လာပို့တဲ့ တပ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ စစ်သင်္ဘောအားလုံး မန္တလေးဆိပ်ကမ်းကိုပြန်လည်ဆိုက်ကပ်သွားပြီလို့မြို့ခံတွေကပြောပါတယ်။

စဥ့်ကူးမြို့ကို စစ်အုပ်စုက အရပြန်ယူဖို့ကြိုးစားနေပြီး မြို့ရဲ့တဖက်ကမ်းမှာရှိတဲ့ ကျောက်မြောင်းက စစ်အုပ်စုထံ လက်နက်နဲ့ရိက္ခာ ဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ညပိုင်းမှာလည်း ကျောက်မြောင်းတပ်ကနေ ဟောင်ဝစ်ဆာတွေနဲ့ စဥ့်ကူးမြို့ရဲ့အရှေ့ဘက်ကပ်လျက်ရှိတဲ့ လက်ပန်လှကျေးရွာကို ပစ်ခတ်ခဲ့ပါသေးတယ်။

PDF တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ စစ်အုပ်စုကတော့ ဇူလိုင်(၂၀)ရက်မှာ သတင်းဖြန့်ပါတယ်။

“ဇူလိုင်(၁၉)ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျ အဆင့်ဆင့် ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူ ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး စဉ့်ကူးမြိုအား ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်” လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ PDF တပ်ဖွဲ့တွေက စဉ့်ကူးမြို့ကို ဇူလိုင်(၁၇)ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စဉ့်ကုးမြို့ပေါ် တိုက်ပွဲ မဖြစ်ခင် ဇူလိုင်(၉)ရက်က စလို့ မြို့ပေါ် လေကြောင်းဗုံးကြဲ၊ နေအိမ်တွေ၊ စျေးဆိုင်တွေကို ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်တာ၊ ဓားပြတိုက်တာတွေ ကျူးလွန်ပြီး မြို့ကို ဖျက်ဆီးခဲ့သလို တိုက်ပွဲကာလအတွင်းမှာလည်း မြို့ကို လေကြောင်းဗုံးကြဲ ဖျက်ဆီးလို့ စဉ့်ကူးမြို့ပေါ်က ရာချီတဲ့ နေအိမ် အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။

စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ သတင်းဖြန့်တဲ့ စစ်အုပ်စုနဲ့ မြို့ပေါ် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စု ရေယာဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *