ဆားလင်းကြီးမြို့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စစ်အုပ်စု အထိုင်စခန်းတွေကို တိုက်ခိုက်

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့တာဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ်က မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် စစ်အုပ်စု အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို မနေ့ ဇူလိုင် (၁၉) ရက်မှာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စု ဘန်ကာတစ်ခုကို သိမ်းယူနိုင်ခဲ့ပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့က ဇူလိုင် (၁၉) ရက် မနက်ပိုင်းမှာ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု စခန်းတွေဖြစ်တဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံ၊ မင်းကန်ကြီး၊ တာဝတိံသာကျောင်းတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက Fixed Wings Dones တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး (၄၀ မမ)၊ (၆၀ မမ)၊ (၈၀ မမ)၊ (၁၂၀ မမ) လက်နက်ကြီးတွေနဲ့ အလုံးရေ (၁၀၀) ကျော် တိုက်ခိုက် ခဲ့သလို မြေပြင်ကနေလည်း အချိန် နှစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု အသေအပျောက် ရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ ဆားလင်းကြီး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Chindwin Dynamite ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Salingyi) အဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်စဉ်ကတော့ မနေ့က ဇူလိုင် (၁၉) ရက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ လုပ်ရင်းနဲ့ စခန်းသိမ်း တိုက်ပွဲအထိ ရောက်သွားတာဗျ။ ကျွန်တော်တို့ အဖွဲ့တွေက စုံသလို လက်နက်ကြီး အဖွဲ့တွေလည်း ပါတော့ စခန်းသိမ်း တိုက်ပွဲအထိ ရောက်သွားတာဗျ။ စခန်းကတော့ မသိနိုင်ခဲ့ပါဘူး။ ဆားလင်းကြီးဆေးရုံက ဘန်ကာ တစ်ခုကိုပဲ သိမ်းနိုင်ခဲ့တာ။ အဲဒီ ဘန်ကာသိမ်းတဲ့ အချိန်မှာ (စခ)တွေက ထွက်ပြေးသွားတာ။ အဲဒီဘန်ကာကိုလည်း မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်။ နောက်ထပ် ဘန်ကာတစ်ခု ထပ်သိမ်းဖို့ လုပ်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော် တစ်ယောက် ကျသွားလို့ ခဏ နားလိုက်ရသေးတယ်။ အဲဒီလို ခဏနားပြီးတော့ တိုက်ပွဲက တစ်နေကုန်ဖြစ်တာ။ ပြန်ဆုတ်ခဲ့ရတာက ကျွန်တော်တို့မှာ ကျည်အင်အားက လုံလောက်မှု မရှိဘူး။ ကိုယ့်ဘာသာ ရှာတိုက်ရတာ ဆိုတော့လေ။ အဲဒီလို ကျည်ထောက်ပို့ မရှိတဲ့အခါမှာ ည (၇) နာရီလောက်မှာ ကျွန်တော်တို့အဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရတာပါ”

ကျဆုံးရဲဘော်ဟာ ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောလင်း ဖြစ်ပြီး စနိုင်ပါထိမှန် ကျဆုံးခဲ့ကာ ရဲဘော်နှစ်ဦးနဲ့ ပြည်သူတစ်ဦး စစ်အုပ်စုရဲ့ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ဒီကနေ့ ဇူလိုင် (၂၀)ရက်အထိ ဆားလင်းကြီးမြို့ထဲကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်နေလို့ ထောင်နဲ့ချီတဲ့ မြို့ခံ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ် ဆားလင်းကြီး တိုက်ပွဲမှာ Chindwin Dynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ(၃)၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ(၃) တပ်စိတ်(၁) 5/Fighter (Monywa)၊ Fighter Nine Force (Salingyi)၊ SPDF (Salingyi)၊ မျက်လုံးစစ်ကြောင်း၊ သေမင်းတမန်အဖွဲ့၊ မျိုးဆက်သစ်လူငယ်အဖွဲ့၊ အာဏာရှင်တော်လှန်ရေးအဖွဲ့၊ SRA အောင်ကြီးအဖွဲ့၊ ဖီးနစ်အဖွဲ့၊ ဒေါင်းတမာန်အဖွဲ့၊ နောင်ကြီးအဖွဲ့၊ CDF၊ ဗိုလ်ယက္ခ၊ Under Ground အဖွဲ့၊ အာဠာဝကအဖွဲ့၊ ပ.လ.ဖ၊ သံမဏိမြွေပွေး၊ မုံရွာခရိုင် တပ်ရင်း (၂၇) Black Dragon Drone အဖွဲ့၊ Brave Heart Army (BHA)၊ Chindwin Fighter Group (CFG) စတဲ့ အဖွဲ့တွေ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *