“ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်းသီချင်းကို ဆက်ဆိုကြရအောင်ပါ။ ရှေ့သို့… ရှေ့သို့… ချီတက်ကြစို့” – ဗိုလ်ချုပ်တားဘုန်းကျော်
အပစ်ရပ်စဲရန် တအာင်းတပ်မတော်(PSLF/TNLA) ဗဟိုက ညွှန်ကြားချက်မရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကပြောသည်။
TNLA၏ မဟာမိတ် ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ အပစ်ရပ်ထားရန် အောက်ခြေတပ်ဖွဲ့များအား ညွှန်ကြားထာသည့် အခြေအနေနှင့်ပတ်သက်ပြီး TNLA ဖွဲ့အနေဖြင့်လည်း ထိုသို့ အပစ်ရပ်ရန် ညွှန်ကြားမှုရှိ၊မရှိ မေးမြန်းရာ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။
“အပစ်ရပ်နဲ့ပတ်သက်ပြီး ဗဟို ညွှန်ကြားတာမရှိသေးဘူး။ လက်ရှိ တိုက်ပွဲ ပြင်းထန်နေတယ်။ တရုတ်အစိုးရလည်း ဖိအားပေးနေပါတယ်”ဟု လွေးယေဦးက ပြောသည်။
လတ်တလော တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသများမှာ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ် မြို့နယ်များဟုလည်း ၎င်းက ပြောသည်။
TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း “ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်း သီချင်းကိုဆက်ဆိုကြရအောင်ပါ။ ရှေ့သို့… ရှေ့သို့… ချီတက်ကြစို့”ဟု ယနေ့ နေ့လယ်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
TNLAသည် ဇွန်လ ၂၅ရက်တွင် ၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ကို မဟာမိတ်များနှင့်အတူ ဖော်ဆောင်ခဲ့ရာ နောင်ချိုမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
TNLA အနေဖြင့် ဇူလိုင် ၁၄ရက်က ကိုးကန့်တပ်မတော်နှင့်အတူ အပစ်ရပ်စဲမှု ၄ရက်ကြာ ပြုလုပ်ခဲ့သေးသည်။ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂ နာရီအထိ အပစ်ရပ်ထားရန် ကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အပစ်ရပ် ကြေညာမှု ၄ ရက်အတွင်း တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟုဆိုသည်။
အလားတူ ကိုးကန့်တပ်မတော်သည်လည်း ၄ ရက်ကြာ အပစ်ရပ်ထားသော်လည်း လားရှိုးတွင်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ယခုတွင်လည်း တရုတ်အစိုးရ၏ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ရက်မှ လကုန်ပိုင်းအထိ ၁၃ ရက်ကြာ အပစ်ရပ်ထားမည်ဟု MNDAA က အောက်ခြေသို့ ညွှန်ကြားထားသော်လည်း မြေပြင်၌ တိုက်ပွဲများ ရပ်နားခြင်းမရှိဘဲ လားရှိုးမြို့နှင့်အနီး တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားနေသည်။
Leave a Reply