မှော်ဘီ လေတပ်စခန်းမှာ ညကင်းစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို ငွေကြေးပေးခေါ်ယူနေပြီး ကင်းစောင့်မယ့်သူမရှိဖြစ်နေ

ရန်ကုန်တိုင်း မှော်ဘီလေတပ်၊ လေထီး ၁၆ တပ်မှာ ညကင်းစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို တစ်ရက် ကျပ်ငွေ တစ်သောင်းပေးပြီး ငှားရမ်းနေကြောင်း လေထီး၁၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လေထီး ၁၆ တပ်ကနေ ဇူလိုင်လ ပထမအပတ်ကစလို့ ည ၈နာရီနဲ့ ည ၉နာရီမှာ ပုံမှန် လေယာဉ် ၂စီး နေ့စဉ် ပျံတက်နေပြီး ည ၁ နာရီလောက်မှာလည်း လေယာဉ်ပျံတက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“သူတို့အင်အားတွေ သိပ်မရှိတော့တာသေချာတယ်။ သူတို့တပ် ကင်းစောင့်ဖို့တောင် အပြင်က စစ်မှုထမ်းဟောင်းတွေကိုရှာပြီး ၁ရက်ကို ၁သောင်းကျပ်ပေးပြီး ကင်းအငှား စောင့်ခိုင်းနေရတယ်” လို့ လေထီး ၁၆ နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ရင်းမှူးလုပ်ခဲ့တဲ့ အမှတ် ၃၀၃ ခြေလျင်တပ်ရင်းမှာလည်း စစ်သားအင်အား ဆယ်ဂဏန်းလောက်သာရှိနေပြီး ညဘက် တပ်တွင်းကင်းလုံခြုံရေးစောင့်ဖို့တောင် လူမပြည့်လို့ အရပ်သားတွေကို ငှါးရမ်းခေါ်ယူနေရကြောင်း စစ်တပ်က အနားယူထားတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ကလည်း ထပ်မံပြောဆိုပါတယ်။

ရန်ကုန်တိုင်းထဲကနေ ရှေ့တန်းထွက်ရတဲ့ စစ်ကောင်စီတပ်သားတွေကလည်း သူတို့ရဲ့ တပ်တွင်းမိသားစုတွေနဲ့ အဆက်သွယ်လုပ်လို့မရတော့သလို ရှေ့တန်းရောက် စစ်သားတွေရဲ့ လစာကို နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုတွေက အချိန်နဲ့တပြေးညီ မရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဖြစ်တဲ့ ကလေး၂ယောက် မိခင်ထံက သိရပါတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်စခန်းတစ်ခု

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top