ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တာဝန်မကျေပွန်မှု ၊ အမိန့်မနာခံမှုများဖြင့် ဖမ်းဆီးထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တာဝန်မကျေပွန်မှု၊ အမိန့်မနာခံမှုများဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေတပ်စခန်းဌာနချုပ်များ တိုက်ခိုက်ခံရခြင်း၊ စစ်သင်္ဘောများ ဆုံးရှုံးခြင်း အပါအဝင် ရေတပ်က AA တပ်တော် ၏ ထိုးစစ်ကို ထိရောက်စွာ မဟန့်တားနိုင်ခြင်း အပါအဝင် တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စရပ်များတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ညွှန်ကြားသည့်အတိုင်း မလိုက်နာခြင်း၊ ပေးအပ်သည့် တာဝန်ကို မကျေပွန်မှုများဖြင့် ရာထူးမှ ဖယ်ရှား ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေချုပ် ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ကို တပ်ချုပ်က ရခိုင်စစ်မြေပြင်မှာ ရေတပ်ရဲ့ အင်အားနဲ့ ထိုးစစ်ကို ခံဖို့ ၊ အချိန်နဲ့ တပြေးညီရေတပ် တပ်ဖွဲ့ဝင်တွေပါ ကြည်းတပ်နဲ့ ပူးတွဲပြီး ခုခံစစ်မှာ ပါဝင်ဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် စခန်းတွေ ကျတယ်၊ ညွှန်ကြားတဲ့အတိုင်း ရေတပ်က မလုပ်နိုင်ဘူးဆိုပြီး ဖြစ်လာတော့ ရေချုပ်က နုတ်ထွက်စာတင်တယ်။ နုတ်ထွက်စာလက်ခံပြီး တာဝန်မကျေ ပွန်မှု ၊ အမိန့် မနာခံမှုနဲ့ နေပြည်တော်မှာဖမ်းဆီးအရေးယူခံထားရပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

ရေချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ထိန်ဝင်းနှင့် ရေဒုချုပ်အဖြစ် ဗိုလ်မှူးချုပ်အေးမင်းထွေး၊ ဗိုလ်ချုပ် ထွန်းလူတို့ကို အစားထိုးခန့်ပေမယ့် ရေချုပ် ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အဖမ်းခံရတာနဲ့ပတ်သက်ပြီး အောက်ခြေပိုင်းမှာ မကျေမနပ်ဖြစ်တယ်။ ဗိုလ်တထောင်သံလျက်စွန်း ရေတပ်မှာ ပြေးတဲ့တပ်သားတွေ နေ့တိုင်းလိုဖြစ်နေတယ်၊ အရင်လုံခြုံရေးအစောင့်တပ်တွေ အဏ္ဏဝါရိပ်သာ၊ဘုရင့်နောင်ရိပ်သာ နဲ့ ဗဟန်းကရိပ်သာတွေက ရေတပ်တွေကိုလည်း လွန်ခဲ့တဲ့ ၃လ လောက်ထဲက ရခိုင်ကိုပို့တာ သေတဲ့သူ‌သေ၊သတင်းပျောက်တဲ့သူပျောက်ဖြစ်နေတယ်။ ရေချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် အဖြုတ်ခံရတာက ရေတပ်က အရာရှိ စစ်သည်တွေကို ကာကွယ်ရင်းနဲ့ ဖြစ်တဲ့သဘောပဲ” ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ နေရာကို အစားထိုး ဝင်ရောက် နေရာယူကာ ၁၆ ဦး မြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့သူဖြစ်ပြီး ၆လ ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ ဖယ်ရှားဖမ်းဆီး ထိန်းသိမ်း အရေးယူခံရခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *