ကျောက်မဲသို့ ရောက်လာသည့် စစ်ကောင်စီ စစ်ကူများ ပိတ်ဆို့ခံရ

TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကူတပ်သည် ပိတ်ဆို့တိုက်ခိုက်ခံနေရကြောင်း ဒေသခံများက ဆိုသည်။

ထိုစစ်ကောင်စီတပ်သည် ယာဥ်စီးရေ ၃၀ ၊ အင်အား ၃၀၀ ခန့်ဖြင့် ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှ ချီတက်လာရာ လမ်းတလျှောက်တွင်လည်း ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကျောက်မဲမြို့အနီး အမှတ်(၂) ရပ်ကွက်ရှိ နတ်စလင်းတောင် ဘုန်းတောင်ကြီးကျောင်းတွင် ယမန်နေ့ (ဇူလိုင် ၂၁ ရက်)၌ ထိုစစ်ကောင်စီတပ်က တပ်စွဲထားရာ အင်အား ၅၀ ခန့်သာရှိတော့ကြောင်း ကျောက်မဲမြို့ခံ အမျိုးသားတဦးက ယနေ့နံနက်တွင် ပြောသည်။

“ စစ်ကောင်စီက ရှိတော့ရှိသေးတယ် နည်းနည်းပဲကျန်တော့တယ်။ မြို့ဘေးမှာ TNLAက ပြန်တိုက်တော့ အများကြီးသေကုန်ကြတာလေ။ အခုတော့ မြို့ထဲဝင်ဖို့ မပြောနဲ့ တောင်ကုန်းကနေ ဆင်းဖို့တောင် မရလောက်တော့ဘူး။ “ ဟု ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်စွဲထားသည့် နတ်စလင်းတောင်ကို TNLAက ဝိုင်းပတ်ပိတ်ဆို့ထားပြီး ထိုတောင်အနီးတွင် သွားလာမှုမပြုရန် ဒေသခံများကို အသိပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ (ဇူလိုင်လ ၂၂ ရက်) နံနက် ၈ နာရီခန့်တွင် နတ်စလင်းတောင်အနီးကို စစ်ကောင်စီက Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ကျောက်မဲမြို့ နံနက်ခင်းစျေးတွင် စျေးဆိုင်များ ပိတ်သိမ်းခဲ့ရသည်ဟု ဆိုသည်။

ယမန်နေ့ နံနက် ၆ နာရီမှ ည ၈ နာရီအထိ ထိုစစ်ကူစစ်ကြောင်းများကို TNLAက ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y-12 ထောက်ပို့လေယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့ကာ အနီးရှိ အမှတ် (၂) ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

စစ်ကူလာသည့် ထိုစစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က ကျောက်မဲမြို့အရှေ့တောင်ဘက် တမိုင်ကျော်အကွာရှိ ဇောတိကုန်း၊ နောင်ပိန်လေးနှင့် ကျွဲကုန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး TNLAဘက်က သံပေါင်းကျေးရွာနှင့် မြို့ပတ်လည်တွင် နေရာယူဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီယာဥ်တန်းသည် သံပေါင်းကျေးရွာရှိ TNLA တပ်ကိုရှောင်ရန် ကျောက်မဲမြို့တွင်း တိုက်ရိုက်မဝင်ရောက်ဘဲ နတ်စလင်းတောင်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မြို့နေ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ပြန်လည်ဝင်ရောက်နေထိုင်နေပြီး TNLA က မြို့ပေါ် အုပ်ချုပ်ရေးလုပ်ငန်းများလည်း စတင်ဖော်ဆောင်နေသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်သည့် ဇွန်လကုန်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် မြို့နှင့် ၂ မိုင်အကွာက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁) နှင့် ခြေမြန်တပ်ရင်း (ခမရ-၅၀၁ ) ၊ (ခမရ -၅၀၂) တပ်စခန်းတို့ကို ဝိုင်းပတ်ပိတ်ဆို့ထားကာ ဇူလိုင် ၁၀ ရက်နေ့တွင် နောင်ချိုမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *