တပ်တွင်းဖရဲသီးသတင်းပေး၍ တပ်မမှူးနှင့် စစ်ကောင်စီအရာရှိများပါသည့် ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ဟု ကော်ဘရာစစ်ကြောင်းမှူးပြော

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ လှုပ်ရှားမှု သတင်းပေးခြင်း၊ တော်လှန်ရေးတပ်များအား ထောက်ပံ့ခြင်း ပြုလုပ်ပေးရန် CDM အရာရှိများ တိုက်တွန်း

စစ်ကောင်စီတပ်တွင်း၌ရှိနေပြီး တော်လှန်ရေးတပ်များအား သတင်းပေးနေသည့် ဖရဲသီး၏ သတင်းပေးပို့ချက်အရ သင်္ဃန်းညီနောင်သို့လာသည့် တပ်မမှူးလိုက်ပါလာသော ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက မြ၀တီမြို့နယ် သင်္ဃန်းညီနောင် စစ်ကောင်စီတပ်သို့လာသည့် တပ်မ(၄၄) တပ်မမှူးအသစ် ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် အရာရှိများ လိုက်ပါလာသည့် Eurocopter အမျိုးအစား ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့သည်။

အဆိုပါ ရဟတ်ယာဥ်အပျက်ရှေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့အားမာန်ငါတို့အသံ စကားဝိုင်း အစီအစဉ်တွင် ဗိုလ်စောကော်က ရဟတ်ယာဉ် ပစ်ခတ်နိုင်မှု အခြေအနေများကို ပြောပြခဲ့ခြင်းဖြစ်သည်။

စကားဝိုင်းကို ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်၊ CDM အရာရှိများဖြစ်သည့် ဗိုလ်မှူးတင်လင်းအောင်၊ ဗိုလ်ကြီးထက်မြတ်တို့ ပါဝင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်ကို ယနေ့ (ဇူလိုင် ၂၂ရက်)တွင် ထုတ်လွှင့်ခဲ့သည်။

ရဟတ်ယာဉ်ပစ်ချနိုင်ရေးအတွက် မည်သို့ လုပ်ဆောင်နိုင်ခဲ့ပါသလဲဟု CDM အရာရှိက မေးမြန်းရာ အဓိကမှာ တပ်တွင်းမှ ဖရဲသီး၏ သတင်းပေးချက်ကြောင့်ဟု ဗိုလ်စောကော်က ပြောပြသည်။

” အဲဒီလိုမျိုးရတော့ ဗိုလ်ဒါဘောကနေ ပြီးတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲဆိုတာ စီစဉ်တယ်။ ရဲဘော်တွေခေါ်တယ်။ လာခါနီးဆဲဆဲမှာပဲ အဲဒီ အချိန်က ပွိုင့်ဖိုက်က အဝေးကြီး ထားထားတာ။ ပြေးယူရသေးတယ်။မိနစ်ပိုင်းလေးပဲမီတယ်။ မီတော့ တက်လာမယ့် လမ်းကြောင်းကို အတိအကျ ရပြီဆိုတော့ စနိုက်ပါ၊ ပွိုင့်ဖိုက်၊ လက်နက်ကြီး ၊ ဒရုန်း ဥပမာ ဒီနေရာ လူဆင်းလို့ရပြီ ဆိုတဲ့အချိန်မှာ ကျနော်တို့က စနိုက်ပါနဲ့ ပွိုင့်ဖိုက်နဲ့ ပစ်လို့မရတော့ဘူး။ အများကြီးကွယ်သွားပြီ။ လက်နက်ကြီးနဲ့ ဒရုန်းနဲ့ ချမယ် ဆော်မယ်ပြီးတော့ အဲဒီ အဆင့်ကို မရောက်လိုက်ဘူး(ဒရုန်းဖြင့် ပစ်ခတ်စရာမလိုဘဲ ပွိုင့်ဖိုက်အမျိုးအစား စက်သေနတ်ဖြင့် ပစ်ခတ်စဉ် ရဟတ်ယာဉ်ပျက်ကျခဲ့တာ”ဟု ဗိုလ်စောကော်က ပြောသည်။

အဆိုပါ ရဟတ်ယာဉ်တွင် တပ်မမှူး၊ တပ်ရင်းမှူး၊ စက်ပြင်၊ ဒရုန်းကျွမ်းကျင် စသည့် စစ်ကောင်စီအရာရှိများ ပါဝင်ပြီး သေဆုံးခဲ့သည်။

အဆိုပါ ရဟတ်ယာဉ် လာမည့်သတင်းကို ဖရဲသီးသတင်းပေး၍ ရဲဘော်များပျော်ရွှင်ခဲ့ကြရကြောင်းလည်း ဗိုလ်စောကော်က ပြန်ပြောပြသည်။

“လေယာဉ်(ရဟတ်ယာဉ်)လာမယ်ကြားလည်းကြားရော။ တချို့က လေယာဉ်လာယာဉ်ထွက်ပြေးကြတယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော် တွေက အယောက်တိုင်းပဲ ဒီလေယာဉ်လာမယ် ကြားလည်းကြားရော ဆော်မယ်ဆိုပြီး နေရာတွေ ယူကြတာ အတန်းလိုက်ကြီးယူပြီးတော့ လာတဲ့လမ်းကြောင်းကို ဆော်တာ။…။၂စီးလာတာ တစ်စီးက လိုက်ပတ်ပစ်နေတာ။ ပြုတ်ကျလည်း ပြုတ်ကျရော ကျနော်တို မသိဘူး။ ၁၀မိနစ် ၁၅ မိနစ်လောက်နေတော့ လေယာဉ် ပြုတ်ကျပြီလို့ သတင်းရလည်းရရော မယုံသေးဘူး။ ဓာတ်ပုံတွေ့မှ ကွက်တိ”ဟု ဗိုလ်စောကော်က ပြောသည်။

ထိုသို့ ပစ်ချနိုင်ရန်ဖရဲသီး(တပ်တွင်းမှ သတင်းပေးသူ)က သတင်းပေးခဲ့၍ အဓိကပစ်ချနိုင်ခြင်းဖြစ်သကဲ့သို့ ထိုသို့ ပစ်ချရန် လက်နက်(ပွိုင့်ဖိုက်စက်သေနတ်)ရှိ၍ ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု CDM အရာရှိတို့က ပြောသည်။

“ဖရဲသီးတင်မဟုတ်ဘူး။ တပ်တွင်းထဲက ဖရဲသီးတင်မဟုတ်ဘူး တော်လှန်ပြည်သူတွေကလည်း အများကြီးလိုတယ်။ သတင်းလက်ဦးမှုအများကြီးလိုတယ်”ဟု CDM ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

ခမရ(၅၈၅)တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်သည် ၂၀၂၂ ဧပြီတွင် လက်နက်များယူဆောင်လာပြီး ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းလာသူ ဖြစ်သည်။ ၎င်းသည် ကော်ဘရာ စစ်ကြောင်းနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲအချို့တွင်လည်း လက်နက်ကြီးကို ကိုယ်တိုင် လမ်းညွှန်ပစ်ခတ်မှု ပြုလုပ်ခဲ့သူဖြစ်သည်။

စစ်ကောင်စီ လှုပ်ရှားမှုများအား တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးကြရန်လည်း ဗိုလ်မှူး တင်လင်းအောင်က တိုက်တွန်းသည်။

“စစ်ကားနဲ့မသွားဘဲ အရပ်ကားနဲ့ သွားနေတဲ့ဟာကို တော်လှန်ပြည်သူလူထုက တိတ်တခိုး သတင်းပေးခြင်းဖြင့် ကူညီပေးကြပါ”ဟု ၎င်းက ပြောသည်။ ထိုသို့ သတင်းပေးခြင်းကြောင့် စစ်ကောင်စီ၏ လူကြီးပိုင်း၊ ပစ္စည်းပစ္စရာပိုင်း တို့ကို ဖျက်ဆီးပေးနိုင်မည်ဖြစ်သည်ဟု ပြောသည်။

ထိုသို့ သတင်းပေးသည့် တိုင်အောင် ရဟတ်ယာဉ် ကို ပစ်ချနိုင်သည့် လက်နက်ခဲယမ်း ရှိရန်လိုအပ်သည်ဟုလည်း ပြောသည်။ ထို့ကြောင့် သတင်းပေးသူက ပေးသကဲ့သို့ လက်နက်ခဲယမ်းများ ပြည့်စုံစွာ ဝယ်ထားနိုင်ရန် ငွေကြေးထောက်ပံ့နိုင်သူများကလည်း ထောက်ပံ့ကြရန် CDM အရာရှိက တိုက်တွန်းသည်။

” အဲဒီ ထောက်ပံ့မှု နှစ်မျိုး(ငွေကြေးထောက်ပံ့ခြင်း၊ သတင်းပေးမှုဖြင့် ထောက်ပံ့ခြင်း)နဲ့ လုပ်မယ်ဆိုရင် တော်လှန်ရေးက အမြန်ဆုံးပြီးမယ်ဆိုတာ ဒီလေယာဉ်ကြီးကို ကြည့်ခြင်းအားဖြင့် ဒါသက်သေပဲလို့ ပြောချင်တယ်”ဟု ဗိုလ်မှူး တင်လင်းအောင်က ပြောသည်။

သတင်းအတိအကျရ၍သာ ရဟတ်ယာဉ် ၂စီး လာသည့်အနက် စစ်ကောင်စီတပ်မမှူး လိုက်ပါလာသည့် ရဟတ်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ပြည်သူများ၊ဖရဲသီး(တပ်တွင်းမှ သတင်းပေးသူ)နှင့် တော်လှန်ရေးတပ်ဖွဲ့များ လက်တွဲညီညီလုပ်ဆောင်နိုင်၍ တပ်မမှူးနှင့်အရာရှိများ လိုက်ပါလာသည့် ရဟတ်ယာဉ်ပျက်ကျအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောသည်။

ကော်ဘရာ စစ်ကြောင်း(၁) စစ်ဆင်ရေးမှူး ဗိုလ်စောကော်ကလည်း “ကျနော်တို့ စစ်ကြောင်းလိုမျိုး ဒီလိုမျိုးလက်နက်တွေကို တခြားစစ်ကြောင်းတွေကိုလည်း ပြည်သူတွေ ပါဝင်ထောက်ပံ့ဖို့အတွက် ဆောင်းဆိုချင်တယ်” ဟု ပြောသည်။

မည်သို့ သတင်းအတိအကျ ရသည်ဖြစ်စေ ထိုသို့ လက်နက်များမရှိပါက ထိုင်ကြည့်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြား စစ်ကြောင်းများကို ထောက်ပံ့ကူညီပေးကြရန် တိုက်တွန်းကြောင်း ဗိုလ်စောကော်က ပြောကြားခဲ့သည်။

ကော်ဘရာစစ်ကြောင်း အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များသည် မတ်လ ၇ရက်တွင် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လအကြာတွင် သင်္ဃန်းညီနောင်ဗျူဟာအပါအဝင် ယင်းဒေသရှိ တပ်ရင်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။

(ရဟတ်ယာဥ်အပျက်ရှေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့အားမာန်ငါတို့အသံ စကားဝိုင်း။ ဓာတ်ပုံ – File Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *