ဂန္ထဝင်မြို့ကြီးသို့ အပြန်လမ်း

ရွှေမန်းမြေမှာ ဖော်ဆောင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုများ

ကျနော်တော့ အညာမြေ မြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ ပြန်လည် ထိတွေ့ဖြစ်တယ်ဗျာ။

ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။

အခုချိန်မှာလည်း မန်းသူမန်းသားတို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် “အသင့်” ဖြစ်နေတာကို ရွှေမန်းမြေကို ပြန်ရောက်တော့ မျက်ဝါးထင်ထင် တွေ့မြင်ရပြန်တယ်။ အထူးပဲ အားတက်ရတယ်ဗျို့။

ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာ တခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။

ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။

အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ။

“ဘူး”သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက—

– လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”

– အခွန်အခ မပေး “ဘူး”

– စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး”

– ဖက်ဆစ်တပ်ဒေါက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည် ဖက်ဆစ်တပ် အခု ကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ချောက်ချားအောင် ထိုးနှက်ကြဖို့ပါ။

ပြည်သူ တဦး တယောက် မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။

တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ အချိန်ကြပါပြီ။

“ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။” (ပီ-‌ဂျေ ပရိုဒွန်)

The great are only great because we are on our knees. Let us rise! (Pierre-Joseph Proudhon)

ဘူးသပိတ်ကိုင်စွဲ ဖက်ဆစ်ဖြိုလှဲ

တက်စုံဖွင့် ရွက်ကုန်လွှင့်

ငုံ့မခံနဲ့ တုံ့ပြန်

လူထုတိုက်ပွဲ

အရေးတော်ပုံ အောင်ရမည်။

ဒေါက်တာတေဇာစန်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *