စစ်တပ်ထောက်ခံသူများအကြား စစ်ခေါင်းဆောင်ဓာတ်ပုံ၊ ကြံ့ခိုင်ရေးဓာတ်ပုံများ ဖုန်းအတွင်း ဖျက်ထားကြရန် လူမှုကွန်ရက်မှ နှိုးဆော်နေ

ရှမ်းမြောက်နှင့်မိုးကုတ်မှ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ရှောင်မည်ဆိုလျှင် ဝန်ထမ်းသက်သေခံ အထောက်အထား၊ ဖုန်းအတွင်း ဌာနဆိုင်ရာလှုပ်ရှားမှု၊ ဓာတ်ပုံစာရွက်စာတမ်းများ မထားရှိဘဲ ဖျက်ဆီးထားကြရန် ညွှန်ကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် နှင့် မိုးကုတ်မြို့နယ်မှ Non-CDM ဝန်ထမ်းများအနေဖြင့် မဖြစ်မနေ စစ်ဘေးရှောင်ရမည်ဆိုပါက ဝန်ထမ်းသက်သေခံ အထောက်အထားများ၊ ဖုန်းအတွင်း မိမိအလုပ်လုပ်သော ဌာနဆိုင်ရာ နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ဓာတ်ပုံစာရွက်စာတမ်းများကို မထားရှိဘဲ ဖျက်ဆီးထားကြရန် ဌာနဆိုင်ရာ ညွှန်ကြားချက် ထွက်ရှိထားကြောင်း သိရှိရသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်၍ ထိုသို့ ဌာနတွင်း ညွှန်ကြားချက်များထွက်ရှိလာခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲများ ပြင်းထန်လာချိန်တွင် ဌာနဆိုင်ရာ အရေးကြီး မှု အဖြစ် ထပ်ဆင့် ညွှန်ကြားမှုများရှိလာကြောင်း၊ အထူးသဖြင့် ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ လျှို့ဝှက်ချက်များကို တော်လှန်ရေးတပ်များ၏ လက်အတွင်းသို့ မရောက်ရှိစေရန် ဖျက်ဆီးပစ်ရန်လည်း ညွှန်ကြားကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဝန်ထမ်းများ၏ လုံခြုံဘေးကင်းရေးအတွက် စစ်ရှောင်ရမည်ဆိုပါက ဝန်ထမ်းကတ်များကို လက်တွင်း မထားရှိရန်၊ ဖုန်းများအတွင်း ဌာနဆိုင်ရာမှတ်တမ်းမှတ်ရာများ မထားရှိရန် ၊ ဝန်ထမ်းဆိုင်ရာ ကိစ္စများကို ဖြစ်နိုင်သမျှ ဖျက်ဆီးထားကြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

” မှတ်တမ်းမှတ်ရာတွေကတော့ ရွှေ့သင့်တာတွေ ရွှေ့။ ကွန်ပျူတာထဲ ထည့်သွင်းလို့ရတာတွေ ထည့်ထားပြီးပြီ။ စာရွက် စာတမ်းတွေ မသယ်နိုင်တာတွေ ဖျက်ဆီးလိုက်ပြီ။ ဝန်ထမ်းနဲ့ မိသားစုတွေကတော့ တိုင်းစစ်ဌာနချုပ်ထဲ ပြောင်းရွှေ့ ချင်ရင် ပြောင်းခိုင်းတယ်။ မပြောင်းချင်ဘဲ စစ်ရှောင်မယ်ဆိုရင်တော့ ဝန်ထမ်းနဲ့ပတ်သက်တာတွေ အကုန်ဖျက်ဆီးခိုင်းတယ်” ဟု လားရှိုးမြို့နယ်မှ လ၀က ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသ၏ အဓိက မြို့ဖြစ်သော လားရှိုးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများတွင် ဝန်ထမ်းများအားလုံးမရှိတော့ဘဲ အများစုမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ရောက်ရှိ ခိုလှုံနေကြကြောင်း၊ မိမိအစီအစဉ်ဖြင့် စစ်ဘေးရှောင်ကြသော ဝန်ထမ်းများမှာလည်း အခြားမြို့နယ်များသို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းမြောက်နှင့် မိုးကုတ်ဒေသမှ စစ်တပ်ထောက်ခံအသိုင်းအ၀ိုင်းများအကြားတွင် တော်လှန်ရေးတပ်များ ဝင်ရောက်လာပါက မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးနိုင်သဖြင့် စစ်တပ်ကို ထောက်ခံအရေးအသားများ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံနှင့် စစ်တပ် အမှတ်အသားများ၊ ကြံ့ခိုင်ရေးပါတီနှင့်ပတ်သက်သော ဓာတ်ပုံ၊ ထောက်ခံသော အရေးအသားများကို ဖုန်းအတွင်း ဖျက်ထားကြရန်၊ ဖေ့ဘုတ်စ်များတွင်လည်း စစ်တပ်ကိုထောက်ခံသော ပို့စ်များကို ဖျက်ထားကြရန် အချင်းချင်း သတိပေး လှုံ့ဆော် တိုက်တွန်းမှုများ လုပ် ဆောင် နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ နောင်ချိုမြို့မ ရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်စဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *