စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင် ငွေလိမ်လည်မှုတွေ ကြုံနေရ

ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

မနေ့ ဇူလိုင် ၂၂ ရက်မှာ မိသားစုတစ်စုဟာ ကျောက်မဲကနေ စစ်ဘေးရှောင်ဖို့ကားကြိုတင်စီစဉ်ရာကနေ ကားသမားအယောင်ဆောင်ပြီး ငွေလိမ်လည်သွားလို့ ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ကနေ စစ်ရှောင်ချင်လို့ ကားငှားစီးတာမှာ ကားခကြိုတင်တောင်းခံပြီး လာမကြိုမှ လိမ်လည်သွားတာသိရတဲ့ ကာယကံရှင်မိသားစုကတော့ “ပြည်သူတွေ ဒီလောက်ဒုက္ခရောက်နေတာကို ကားသမားအယောင်ဆောင်ပြီး ပိုက်ဆံလိမ်ပြီး ဒုက္ခပေးသွားပါတယ်”လို့ ဖွင့်ဟ ပြောလာပါတယ်။

ဇူလိုင်လ ၂၁ ရက် နေ့ ညနေ ၄း၂၅ မှာ ဖုန်းဆက်ပြီး လူ ၅ ယောက်စာအတွက် ၁ ယောက်ကို ကျပ် ၂ သိန်းခွဲနဲ့ ငွေကြိုတင်ပေးရမယ်ဆိုလို့ Kpay နဲ့ ငွေလွှဲပြီးတဲ့နောက် နောက်ထပ် ၂ ယောက် လိုက်ချင်လို့ ည ၉း၃၂ မှာ ထပ်ဖုန်းဆက်ခဲ့တာမှာ ကားခက ၁ ယောက် ၃ သိန်းခွဲဖြစ်သွားပြီလို့ပြောလို့ စျေးညှိတာမှာ ၁ ယောက်ကို ၂ သိန်း ၆သောာင်းနဲ့စျေးတည့်ပြီး ကြိုတင်ငွေပို့ရမယ်ဆိုလို့ ညတွင်းချင်းလွှဲပေးခဲ့တယ်လို့ပြောပါတယ်။

ညက ချိန်းတဲ့အတိုင်း မနက် ၉ နာရီ ၁၀ နာရီ အထိစောင့်တာ မလာနိုင်တော့လို့ ဆက်သွယ်ပေမယ့် ခဏလာပြီဆိုကာ ခုထိရောက်မလာတော့တာလို့ ပြောပါတယ်။

ကားခစရံ သို့မဟုတ် ငွေအကြေတောင်းတဲ့လိမ်လည်တာတွေ ရှိနေတယ်လို့ အခြားသူတွေထံကလည်း စုံစမ်းသိရပါတယ်။ “ကျနော်တို့က မယုံကြည်လို့ ငွေကြိုတင်မပေးမိတာ၊ ဒီလိုပဲ လိမ်နေတာ သိရတယ်”လို့ပြောပါတယ်။

အခြားပြဿနာတမျိုးမှာ ကားခစျေးညှိလို့ နှစ်ဖက်သဘောတူလို့ ကားလာခေါ်ချိန်စောင့်ပြီး ကားမလာလို့စုံစမ်းမှ အခြားစျေးပိုပေးသူနောက်ကို လိုက်သွားတဲ့ ကားမောင်းသူမျိုး အမျာအပြားရှိနေတယ်လို့ သိရပါတယ်။

အခြားပြဿနာ နောက်တမျိုးမှာ ကားခသဘောတူပြီး လမ်းကျမှ ငွေပိုတောင်းတဲ့ကိစ္စလို့ သိရပါတယ် “လမ်းဆိုးလို့၊ လမ်းအဖွဲ့တွေပေးရတာ များလို့၊ ကားပြန်ပြင်ရမှာ စျေးကြီးလို့စတဲ့အကြောင်းပြချက်တွေနဲ့တောင်းတာ၊ ကျမတို့လေ စိတ်ညစ်လိုက်တာ၊ စားဖို့ ကုန်ဖို့တွေ အများကြီးကျန်သေးတော့ သူတောင်းတာကို စျေးလျော့ဖို့အထပ်ထပ်တောင်းပန်ပြီးပေးခဲ့ရတာ၊ သူက ပြောသေးတယ် အသက်ကိုရင်းပြီး ငွေရှာနေရတာတဲ့”လို့ကိုယ်တိုင် လားရှိုးကနေ တောင်ကြီးကို စစ်ရှောင်လာသူတစ်ဦးကပြောပါတယ်။

ယင်းကိစ္စတွေနဲ့စပ်လျဉ်းပြီး ကားသမားတွေကို စုံစမ်းရာမှာ ကားသမားအစစ်တွေ ငွေလိမ်တာတော့မရှိပေမယ့် ကားခတော့ ထိုက်တန်အောင်တောင်းရကြောင်း၊ အဓိကတော့ ကားပျက်လို့ ပြန်ပြင်စရိတ်ကြီးတာ၊ လမ်းက အဖွဲ့စုံတွေ အထူးသဖြင့် စစ်တပ်ဂိတ်တွေက ရစ်တာ ကျစ်တာမျိုးစုံကို ခံပြီး ငွေပေးရတာ၊ အရင်က တစ်ရက်ထဲ ရောက်ပြီး စက်သုံးဆီကလည်း မကြီးတာမှာခုက စက်သုံးဆီစျေးကြီးပြီး လမ်းဆိုးတွေ၊ အသက်ဘေးတွေကြားက မောင်းရတာ အပြင် အချို့ခရီးသည်တွေ စားစရာမရှိတာကို ရှာဖွေကျွေးခဲ့ရတာတွေရှိတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ တောင်ကြီး-လားရှိုး ကားခမှာ အနည်းဆုံး ကျပ် ၃ သိန်းခန့်ရှိနေသလို လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဓာတ်မီး၊ စောင်စတာတွေ ယူဆောင်လာဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

ရှမ်းမြောက် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စတဲ့ စစ်ဖြစ်နေရာမြို့တွေအပြင် စစ်မီးကူးစက်နိုင်တဲ့မြို့တွေ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲခံနေရတဲ့ မြို့တွေက စစ်ဘေးရှောင်သူတွေဟာ ရှမ်းတောင်၊ ရှမ်းအရှေ့နဲ့ပြည်မဘက်ကို လူဦးရေ သိန်းနဲ့ချီရှောင်နေကြတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *