ဝင်းနိမ္မိတာရုံဆရာ​တော်ပစ်ခတ်မှုကို ဦးဆောင်သူဗိုလ်မှူးဖမ်းထားသူများအနက် ၁ဦး စစ်ကြောရေး၌သေဆုံး

မန္တလေးတိုင်း၊ငါန်းဇွန်​မြို့နယ်အတွင်း ဝင်းနိမ္မိတာရုံဆရာ​တော်အားပစ်ခတ်မှု၌ ဦးဆောင်သည့်စစ်ကောင်စီဗိုလ်မှူးက ဖမ်းဆီးထားသည့် ဒေသခံအရပ်သားများအနက် သက်ကြီးပိုင်းအမျိုးသားတစ်ဦးစစ်​ကြော​ရေးတွင်​ သေဆုံးသွား​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ၁၉ရက်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသအားပစ်ခတ်မှု၌ ဦးဆောင်သည့် ဗိုလ်မှူးမိုးမင်းဦးက ယခုအခါ ငါန်းဇွန်မြို့နယ်အတွင်း ဖမ်းဆီးမှုများဆက်တိုက်လုပ်​​ဆောင်နေပြီး ဖမ်းဆီးခံရသူများအနက် မင်းကြီးကြပ်ရွာမှ အသက် ၆၀အရွယ် ဦးချစ်သွယ် သေဆုံးသွား​ကြောင်း ကာယကံရှင်၏ မိသားစုဝင်နှင့်နီးစပ်သူများကပြောသည်။

” စစ်​ဆေးရင်းသေသွားလို့ မ​နေ့က အ​လောင်းလာသယ်ပါဆိုပြီးမိသားစုဝင်ကိုဖုန်းဆက်အ​ကြောင်းကြားတာ။ငါန်းဇွန်မြို့​ပေါ်ရုံးကိုလာသယ်ခိုင်းတာ။ တွေ့ကရာဖမ်း​နေ​တော့ အသက် ၆၀ အရွယ်ပါလာလို့ စစ်သင်တန်းထဲမ​ခေါ်ဘဲ သူတို့စခန်းတင်နှိပ်စက်တာ။ အခုထိ​တော့အ​လောင်းသွားမထုတ်ရဲ​သေးဘူး”ဟုကာယကံရှင်မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဗိုလ်မှူးမိုးမင်းဦးသည် ဝင်းနိမ္မိတာရုံဆရာ​တော်အားပစ်ခတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရ‌သော်လည်း ဇူလိုင်လ ၉ ရက်က ပြန်လည်လွတ်မြောက်လာပြီး ဇူလိုင်လ ၁၀ ရက်မှစ၍ယ​နေ့ (ဇူလိုင်လ ၂၃ ရက်)အထိ ငါန်းဇွန်​ဒေသခံများကိုဖမ်းဆီး​နေ​ကြောင်း စုံစမ်းသိရှိရသည်။

ဗိုလ်မှူးမိုးမင်းဦးကို စစ်​ကောင်စီက မန္တ​လေးနန်းတွင်းစစ်​ကြော​ရေးတွင်ထိန်းသိမ်းထားရာမှ ၎င်းအ​နေဖြင့် ငါန်းဇွန်မြို့​ပေါ်ရှိအမျိုးသား ၃၀၀ ဦး​ကိုဖမ်းဆီး​ပေးမည်ဟူသော သ​ဘောတူညီချက်ဖြင့်ပြန်လွတ်လာ​ခြင်းဟု တပ်တွင်းသတင်း​ရင်းမြစ်တစ်ဦး ဇူလိုင်လ ၁၉ ရက်​နေ့က​ဖြေကြားခဲ့သည်။

သို့သော် ငါန်းဇွန်မြို့နယ်အတွင်း ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားများကို လိုက်လံဖမ်းဆီးနေခြင်းမှာမှန်ကန်​ကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့်ဒေသခံနိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူများကပြောသည်။

“သူတို့နဲ့ထိပ်တိုက်​တွေ့ရင်​ခေါ်တာပဲ။​​ တောသွား၊​စျေးသွား၊ဘုရားသွားတဲ့သူ​တွေအိမ်ပြန်မ​ရောက်လာလို့စုံစမ်းကြည့်ရင် ဖမ်းတဲ့အထဲပါသွားတာ။ မိုးမင်းဦးပြန်​လွတ်လာပြီးအခုတခါဖမ်းတာအဆိုးဆုံးပဲ။ ပိုဆိုးတာ မိန်းမ​တွေပါဖမ်း​နေတာ”ဟုငါန်းဇွန်​ဒေသခံနိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက​ပြောသည်။

လက်လှမ်းမှီသ​လောက်​ကောက်ယူထားသည့်စာရင်းအရ ဗိုလ်မှူးမိုးမင်းဦး ဦး‌ဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၀ ရက်မှ ယနေ့ဇူလိုင်လ ၂၃ ရက်အထိ ငါန်းဇွန်မြို့​ပေါ်အပြင် မင်းဂျို၊မင်းကြီးကြပ်၊​ညောင်​လေးပင်၊​တောင်လယ်​တော၊ပန်းခုနှစ်​ရွာ၊သဖန်းသာ​၊နတ်ကြီးစသည့်ကျေးရွာများရှိ ​အသက် ၁၈ နှစ်မှ အသက် ၄၀ ​ကျော်အရွယ်ဒေသခံ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး သုံးဦးကို ဖမ်းဆီးထားကြောင်းသိရသည်။

ဖမ်းဆီးခံရသူများကို ​ကျောက်ဆည်အဆင့်မြင့်ဆက်သွယ်​ရေးတပ်နှင့်မန္တ​လေးမြို့​ပေါ်ရှိ ခမရ(၁၁၆)သို့ပို့​ဆောင်ထား​သည်ဟု သိရကြောင်းငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက​ပြောသည်။ဖမ်းဆီးထားသူများကို စစ်သင်တန်းပေးနေသော​ကြောင့် မိသားဝင်များနှင့်အဆက်အသွယ်မရ​သေး​ကြောင်း​ဒေသခံများ၏အဆိုအရသိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း) ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကား​ကို ပြီးခဲ့သည့် ဇွန်လ ၁၉ရက်​နေ့က ငါန်းဇွန်မြို့နယ်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့ရာ ဆရာတော်ပျံလွန်တော်မူခဲ့သည်။ ဆရာ​တော်ကိုပစ်ခတ်သည့်အဖွဲ့မှာ ဗိုလ်မှူးမိုးမင်းဦး ဦး​ဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူ​စောထီးအဖွဲ့များဖြစ်​ကြောင်း စစ်​ကောင်စီက ဇွန်၂၁ ရက်တွင်ဝန်ခံပြောကြားခဲ့သည်။ အမှုကို စစ်ဆေးပြီး ကျူးလွန်သူများကိုအရေးယူမည်ဟုလည်း စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးမိုးမင်းဦးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ကျောက်ဆည်တပ်နယ်အမှတ်(၂)မှဖြစ်ပြီး ငါန်းဇွန်မြို့နယ်အတွင်း တာဝန်ကျနေခြင်းဖြစ်သည်။

၎င်းက အရပ်သားများကိုလိုက်လံဖမ်းဆီးနေ၍ ငါန်းဇွန်မြို့ရှိ ​ကျေးရွာအချို့မှ ဒေသခံအမျိုးသားများ တိမ်း​ရှောင်​နေရကြောင်းသိရသည်။

Photo: မန္တ​လေးတိုင်းအတွင်း စစ်ဆေးရေးလုပ်နေသော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ(ဓါတ်ပုံ-AFP)


Comments

Leave a Reply

Your email address will not be published. Required fields are marked *