မင်းကွန်း မြသိန်းတန်အနီးရှိ ရွာများ စစ်တပ် မီးရှို့နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မင်းကွန်းကျေးရွာနှင့် မြသိန်းတန်ဘုရားမြောက်ဘက် ရှားယောင်းကျေးရွာမှနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။

ယနေ့နံနက်ပိုင်းက မင်းကွန်းရဲစခန်းတွင်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာ၂ ရွာအား စီးနင်းကာ ယခုအချိန်ထိ နေ အိမ်များကို မီးရှို့နေကြောင်း သိရသည်။

မင်းကွန်းဒေသခံတဦးက “အခုအချိန်ထိအောင် မီးရှို့လို့ မပြီးသေးဘူး။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ အသေးစိတ်တော့ မသိနိုင်သေးဘူး။ မီးရှို့ခံရတာက မင်းကွန်း မြောက်ရွာ၊ ရှားယောင်းရွာရယ်ပေါ့။ ရွာခံတွေလည်း ဘေးလွတ်ရာကို ပြေးနေကြရတာပေါ့” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မင်းကွန်းနယ်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်၌ ထိုင်နေသည့် ပျူစောထီးနှင့် ရဲအုပ်တဦးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ထိုသို့ ရွာများအား ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း PDF နှင့်နီးစပ်သူများက ဆိုသည်။

PDF နှင့် နီးစပ်သူတဦးက “တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘူး။ ဒီမနက်က ဒီကောင်တွေကို ကျနော်တို့အဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ထိတာတွေရှိတော့ မကျေနပ်ချက်နဲ့ အထိုင်ကနေ ထွက်လာပြီး ရွာတွေကို မီးရှို့တာ” ဟုပြောသည်။

မင်းကွန်းဒေသ၌ မီးလောင်၍ မီးခိုးများတက်နေသည်ကို မန္တလေးဘက်မှပင် မြင်နေရကြောင်း မြို့ခံများက ပြောဆိုသည်။

ဓာတ်ပုံ- The voice of wetlet madayar


Comments

Leave a Reply

Your email address will not be published. Required fields are marked *