မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်အတွင်း ဝင်းနိမ္မိတာရုံဆရာတော်အားပစ်ခတ်မှု၌ ဦးဆောင်သည့်စစ်ကောင်စီဗိုလ်မှူးက ဖမ်းဆီးထားသည့် ဒေသခံအရပ်သားများအနက် သက်ကြီးပိုင်းအမျိုးသားတစ်ဦးစစ်ကြောရေးတွင် သေဆုံးသွားကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ၁၉ရက်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသအားပစ်ခတ်မှု၌ ဦးဆောင်သည့် ဗိုလ်မှူးမိုးမင်းဦးက ယခုအခါ ငါန်းဇွန်မြို့နယ်အတွင်း ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများအနက် မင်းကြီးကြပ်ရွာမှ အသက် ၆၀အရွယ် ဦးချစ်သွယ် သေဆုံးသွားကြောင်း ကာယကံရှင်၏ မိသားစုဝင်နှင့်နီးစပ်သူများကပြောသည်။
” စစ်ဆေးရင်းသေသွားလို့ မနေ့က အလောင်းလာသယ်ပါဆိုပြီးမိသားစုဝင်ကိုဖုန်းဆက်အကြောင်းကြားတာ။ငါန်းဇွန်မြို့ပေါ်ရုံးကိုလာသယ်ခိုင်းတာ။ တွေ့ကရာဖမ်းနေတော့ အသက် ၆၀ အရွယ်ပါလာလို့ စစ်သင်တန်းထဲမခေါ်ဘဲ သူတို့စခန်းတင်နှိပ်စက်တာ။ အခုထိတော့အလောင်းသွားမထုတ်ရဲသေးဘူး”ဟုကာယကံရှင်မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဗိုလ်မှူးမိုးမင်းဦးသည် ဝင်းနိမ္မိတာရုံဆရာတော်အားပစ်ခတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော်လည်း ဇူလိုင်လ ၉ ရက်က ပြန်လည်လွတ်မြောက်လာပြီး ဇူလိုင်လ ၁၀ ရက်မှစ၍ယနေ့ (ဇူလိုင်လ ၂၃ ရက်)အထိ ငါန်းဇွန်ဒေသခံများကိုဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။
ဗိုလ်မှူးမိုးမင်းဦးကို စစ်ကောင်စီက မန္တလေးနန်းတွင်းစစ်ကြောရေးတွင်ထိန်းသိမ်းထားရာမှ ၎င်းအနေဖြင့် ငါန်းဇွန်မြို့ပေါ်ရှိအမျိုးသား ၃၀၀ ဦးကိုဖမ်းဆီးပေးမည်ဟူသော သဘောတူညီချက်ဖြင့်ပြန်လွတ်လာခြင်းဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦး ဇူလိုင်လ ၁၉ ရက်နေ့ကဖြေကြားခဲ့သည်။
သို့သော် ငါန်းဇွန်မြို့နယ်အတွင်း ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားများကို လိုက်လံဖမ်းဆီးနေခြင်းမှာမှန်ကန်ကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့်ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။
“သူတို့နဲ့ထိပ်တိုက်တွေ့ရင်ခေါ်တာပဲ။ တောသွား၊စျေးသွား၊ဘုရားသွားတဲ့သူတွေအိမ်ပြန်မရောက်လာလို့စုံစမ်းကြည့်ရင် ဖမ်းတဲ့အထဲပါသွားတာ။ မိုးမင်းဦးပြန်လွတ်လာပြီးအခုတခါဖမ်းတာအဆိုးဆုံးပဲ။ ပိုဆိုးတာ မိန်းမတွေပါဖမ်းနေတာ”ဟုငါန်းဇွန်ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
လက်လှမ်းမှီသလောက်ကောက်ယူထားသည့်စာရင်းအရ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၀ ရက်မှ ယနေ့ဇူလိုင်လ ၂၃ ရက်အထိ ငါန်းဇွန်မြို့ပေါ်အပြင် မင်းဂျို၊မင်းကြီးကြပ်၊ညောင်လေးပင်၊တောင်လယ်တော၊ပန်းခုနှစ်ရွာ၊သဖန်းသာ၊နတ်ကြီးစသည့်ကျေးရွာများရှိ အသက် ၁၈ နှစ်မှ အသက် ၄၀ ကျော်အရွယ်ဒေသခံ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး သုံးဦးကို ဖမ်းဆီးထားကြောင်းသိရသည်။
ဖမ်းဆီးခံရသူများကို ကျောက်ဆည်အဆင့်မြင့်ဆက်သွယ်ရေးတပ်နှင့်မန္တလေးမြို့ပေါ်ရှိ ခမရ(၁၁၆)သို့ပို့ဆောင်ထားသည်ဟု သိရကြောင်းငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။ဖမ်းဆီးထားသူများကို စစ်သင်တန်းပေးနေသောကြောင့် မိသားဝင်များနှင့်အဆက်အသွယ်မရသေးကြောင်းဒေသခံများ၏အဆိုအရသိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း) ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကားကို ပြီးခဲ့သည့် ဇွန်လ ၁၉ရက်နေ့က ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့ရာ ဆရာတော်ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ကိုပစ်ခတ်သည့်အဖွဲ့မှာ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့များဖြစ်ကြောင်း စစ်ကောင်စီက ဇွန်၂၁ ရက်တွင်ဝန်ခံပြောကြားခဲ့သည်။ အမှုကို စစ်ဆေးပြီး ကျူးလွန်သူများကိုအရေးယူမည်ဟုလည်း စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးမိုးမင်းဦးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ကျောက်ဆည်တပ်နယ်အမှတ်(၂)မှဖြစ်ပြီး ငါန်းဇွန်မြို့နယ်အတွင်း တာဝန်ကျနေခြင်းဖြစ်သည်။
၎င်းက အရပ်သားများကိုလိုက်လံဖမ်းဆီးနေ၍ ငါန်းဇွန်မြို့ရှိ ကျေးရွာအချို့မှ ဒေသခံအမျိုးသားများ တိမ်းရှောင်နေရကြောင်းသိရသည်။
Photo: မန္တလေးတိုင်းအတွင်း စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ဓါတ်ပုံ-AFP)
Leave a Reply