စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီ မီးရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် နံနက်က မင်းကွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့အချို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့​သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မင်းကွန်းရွာနှင့် ရှားစောင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။”ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

ထို့အပြင် မြသိန်းတန်ဘုရားအနီးရှိ ဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက် (၁၃)မိုင်ခန့်အကွာတွင် တည်ရှိပြီး မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ အစရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာရှိသည့် ဒေသတစ်ခုဖြစ်သည်။

မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာက အထင်ကရနေရာတွေဖြစ်တဲ့ မြသိန်းတန်ဘုရားနဲ့ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့ ကျောင်းဘေးက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ခဲ့လို့ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် မနက် ၁၀ နာရီလောက်မှာ မင်းကွန်းရဲစခန်းက စစ်တပ်လက်အောက်ခံ ပျူစောထီးနဲ့ ရဲအင်အား ၁၀၀ ခန့်ဟာ မင်းကွန်းကျေးရွာနဲ့ကပ်လျက်ရှိ ရှားရောင်းရွာကို ၄ နေရာခွဲကာမီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

“အရင်ရက်ကလည်း အဲဒီစခန်းက ပတ်ကင်းကား ထွက်တယ်ပြောတယ်။ အဲ့ဒါလည်း ကားမိုင်းဆွဲခံရပြီးတော့ပစ်ကြခတ်ကြ ဖြစ်ကြတယ်တဲ့။ မနေ့ကမနက်ကတော့ လက်ဖက်ရည်ဆိုင်မှာ ပစ်ခံရတာ သေလို့ ရွာကိုမီးနဲ့ထွက်ရှို့တာ”လို့ မင်းကွန်းဒေသခံတစ်ဦးကပြောပါတယ်။

ဇူလိုင် ၂၃ ရက် မနေ့မနက်အစောပိုင်းမှာ မင်းကွန်းကျေးရွာရဲစခန်းက ရဲတဦးနဲ့ ပျူစောထီးတဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့တခုက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၂ ဦးလုံး သေဆုံးသွားခဲ့ပြီးနောက် စစ်အုပ်စုက အခုလိုမီးရှို့ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

မင်းကွန်းပုထိုးတော်ကြီးအနီးက ဒေသခံပြည်သူတွေကိုဖမ်းဆီးပြီး မင်းကွန်းမြောက်ရွာ၊ တောင်ရွာနဲ့ ရွာချင်းကပ်လျက်ရှိ မြသိန်းတန်စေတီအနီး ရှားရောင်းရွာတွေကို မီးရှို့ခဲ့ရာ မင်းကွန်းဆရာတော်ဘုရားကြီးကျောင်းအနီးနေအိမ် ၄ အိမ်နဲ့ ရှားရောင်းရွာက နေအိမ် ၂၈ အိမ်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

(မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet ingormational Network)


Comments

Leave a Reply

Your email address will not be published. Required fields are marked *