သံတွဲ၏နောက်ဆုံးစစ်စခန်းကို AA တိုက်ခိုက်၊ အခြားမြို့များတွင် စစ်ကောင်စီ ခံစစ်ပြင်

သံတွဲမြို့နယ် လက်ကျန်ရေတပ်စခန်းကို AA က တိုက်ခိုက်နေရာ စစ်ကောင်စီကလည်း စစ်မီး ကူးလာနိုင်ဖွယ်ရှိသော ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် ခံစစ်ပြင်နေသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ လက်ကျန် ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က ယခုရက်ပိုင်းအတွင်း တိုက်ခိုက်နေရာ စစ်ကောင်စီက တိုက်ပွဲမရောက်သေးသော ပြည်နယ်တောင်ပိုင်း ဂွ၊ တောင်ကုတ်နှင့် မာန်အောင်တို့တွင် ခံစစ်ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

AA သည် ဇူလိုင်လ ဒုတိယပတ်က နာမည်ကျော် ငပလီကမ်းခြေတည်ရှိရာ သံတွဲမြို့ကို ထိန်းချုပ်ခဲ့သည်။

ထို့နောက် ဇူလိုင် ၂၀ နေ့ကစတင်၍ အဆိုပါ မောင်ရွှေလေးရေတပ်စခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် AA က တိုက်ခိုက်ခဲ့သည်၊ ယမန်နေ့ (ဇူလိုင် ၂၂ ) ကလည်း ရေတပ်စခန်းနှင့် ၅ မိုင်အကွာ ဆင်တင်ကလေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ညနေပိုင်းမှာလည်း လေယာဉ်တွေနဲ့ လာပြီးပစ်တယ်။ အဲဒါမှာ ဆင်တင်ကလေးရွာကို ကျပြီး တစ်ယောက် သေပြီးတစ်ယောက်ဒဏ်ရာရတယ်။ ယောကျ်ားလား၊ မိန်းမလားတော့ မသိရသေးပေါ့” ဟု ၎င်းက ဆိုသည်။

ကျေးရွာများကို လေတပ်က ဗုံးကြဲနေသောကြောင့် ဆင်တင်ကလေး၊ ကျွဲသောက်၊ သရက်ပင်ကွင်းရွာများမှ ဒေသခံများကို AA က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် သစ်ကောက်ရေဖြူအိုင်ရွာတွင်လည်း စစ်ကောင်စီက တပ်စွဲထားသည်၊ ထိုစခန်းများသည် AA တပ်သားများ မောင်ရွှေလေးရေတပ်စခန်းသို့ အလွယ်တကူ ဝင်ရောက်မထိုးဖောက်နိုင်ရန် ရှေ့ပြေး ကာကွယ်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

အလားတူ စစ်ကောင်စီကလည်း ရေတပ်စခန်းသို့ AA အလွယ်တကူမဝင်ရောက်နိုင်ရန်အတွက် လမ်းတံတားများကို မိုင်းခွဲ ဖျက်ဆီးထားသည်ဟု ပြောသည်။

“ရေတပ်ဘက်ကို သွားတဲ့အခါမှာ ဇလွန်လမ်းကွေ့ကနေ ဝင်သွားလို့ရှိရင် သရက်ပင်ကွင်းရွာ ရှိတယ်။ သရက်ပင်ကွင်းရွာနားက တံတားကိုလည်း ဖျက်ထားတယ်။ ပြီးတော့ ဒီဘက်ကနေ သွားရင် ကျောက်ကြီးကို မရောက်ခင် တောင်ကျော်ပြီး သွားရတဲ့ လမ်းတစ်လမ်းရှိတယ်။ အဲဒီမှာလည်း တံတားတစ်စင်းဖျက်ထားတယ်လို့ သိရတယ်” ဟု သူက ဆိုသည်။

သံတွဲမြို့တွင် အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ ၅၆၆ ကို ဇွန် ၂၇ နှင့် ခလရ ၅၅ ကို ဇူလိုင် ၉ တွင် AA သိမ်းပိုက်ခဲ့သလို စစ်ကူပို့ထားသည့် တပ်ရင်းအများအပြားကိုလည်း AA က ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။

အခြေစိုက်တပ်ရင်းနှစ်ခုကို AA သိမ်းပိုက်လိုက်ပြီးနောက် မောင်ရွှေလေးရေတပ်စခန်းသည် သံတွဲမြို့မကျစေရေးအတွက် ခုခံရန် ကျန်ရှိနေသော စစ်ကောင်စီ၏ အရေးပါသည့်စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မြပြင်၊ ဂျိတ္တောတို့တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိနေသေးသောကြောင့် AA က ထပ်မံ တိုက်ခိုက်နေသည်၊ မောင်ရွှေလေးရေတပ်စခန်းကလည်း AA ရှိနိုင်မည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်နေသည်ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။

“လက်နက်ကြီးသံ နည်းနည်းကြားတယ်။ လက်နက်ကြီးဆိုတာ အချင်းချင်းတိုက်ပွဲ (ရင်ဆိုင်တိုက်ပွဲ) မှာ သုံးတဲ့ ဟာပြောတာ” ဟု ၎င်းက ထပ်ပြောသည်။

လက်ရှိတွင် လေဆိပ်နှင့် မြို့ကို ထိန်းချုပ်ပြီးဖြစ်ကာ မြို့ထဲတွင် AA က နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေပြီး လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် အရပ်သားများကို ဝင်ခွင့်မပြုသေးဟု သိရသည်။

AA သည် သံတွဲမြို့ကို ဧပြီ ၁၃ မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီကလည်း ၎င်းတို့၏ အကျိုးစီးပွားရှိရာမြို့ လက်မလွတ်စေရေးအတွက် ကြည်း၊ ရေ၊ လေဖြင့် စုပေါင်းခုခံလျက်ရှိသည်။

ဂွ၊ တောင်ကုတ်နှင့် မာန်အောင်တွင် စစ်ရေးပြင်

တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု AA က ကြွေးကြော်ထားရာ သံတွဲကို လက်လွှတ်လုနီးနီးဖြစ်နေသော စစ်ကောင်စီသည် AA လာမတိုက်သေးသော ရခိုင်တောင်ပိုင်း ဂွ၊ တောင်ကုတ်နှင့် မာန်အောင်တို့တွင် ခံစစ်ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက AA မတိုက်သေးသော နေရာများတွင် ခုခံရန် အသည်းအထန်ပြင်ဆင်နေခြင်းဟု ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“စစ်ဆေးရေးဂိတ်တွေ ပိုပြီးတော့ များလာတာပေါ့။ ခုဆိုရင် ကျိန္တလီမှာပဲ နှစ်ဂိတ်ရှိတယ်။ ဆပ်သွားမှာတစ်ခု။ ဂွမှာဆိုရင် ရွှေနန်းခိုင်ရယ်၊ ၅၆၃ ၊ ၅၆၂ အဲလိုမျိုးတွေပေါ့။ ဂိတ်တွေ အများကြီးတိုးသွားတယ် “ဟု ၎င်းက ပြောသည်။

ကျိန္တလီမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်နှစ်ခုနှင့် ဂွမြို့အဝင် ရွှေနန်းခိုင်တံတားရှိ စစ်ဆေးရေးဂိတ်တို့မှာ သက်တမ်း နှစ်လသာရှိသေးသည်၊ ကျိန္တလီ-ဂွ လမ်းပေါ်ရှိ ဆပ်သွားတံတား စစ်ဆေးဂိတ်မှာလည်း သက်တမ်း ၁၅ ရက်ခန့်သာ ရှိသေးသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“ကျိန္တလီနဲ့ ဂွကိုတော့ သွားလို့တော့ ရတယ်။ ဒါပေမဲ့ အစစ်အဆေး တော်တော်ကြမ်းတယ်။ သူတို့ (စစ်တပ်) စစ်ဆေးပြီး လွှတ်ပေးတာရှိတယ်” ဟု ၎င်းက ဆိုသည်။

ကျိန္တလီနှင့် သုံးမိုင်ခန့်အကွာ ချင်းငွေ့ရွာတွင်လည်း ရဲတပ်ရင်းနှင့် စစ်တပ်စခန်းအထိုင်ချထားကာ အင်အား ထပ်မံဖြည့်တင်းထားသည်။ ချင်းငွေ့ရွာသည် သံတွဲမြို့အထွက်တွင် ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီက ကျိန္တလီမြို့ရဲစခန်းနှင့် စစ်တပ်စခန်းအနီးဝန်းကျင်တွင် မိုင်းထောင်ထားသဖြင့် ထိုနေရာများသို့ မသွားကြရန် ယခုလအစောပိုင်းတွင် မြို့ပတ်ပြီး အသံချဲ့စက်ဖြင့် သတိပေး ပြောဆိုထားသည်ဟု သိရသည်။

စစ်ကောင်စီသည် ဇွန်လမှစတင်ကာ ဂွအခြေစိုက် တပ်စခန်းများထံသို့ စစ်အင်အား၊ လက်နက်အင်အား ဖြည့်တင်းထားကြောင်း ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။

“ဧရာဝတီ (တိုင်း) ကနေ ကားတွေနဲ့ လာကြတယ်။ ညဘက်တွေမှာ တပ်ထဲတွေမှာလည်း မြို့ပေါ်က ဘက်ဟိုးတွေ ခေါ်ပြီး ခိုင်းတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ရေလုပ်ငန်းအဓိကလုပ်ကိုင်သော ကျိန္တလီနှင့် ဂွမြို့တို့တွင် စစ်ကောင်စီက မြစ်ချောင်းများတွင် ငါးမဖမ်းရန် အမိန့်ထုတ်ပြန်ထားသောကြောင့် ဒေသခံများ စားဝတ်နေရေးထိခိုက်နေကြသည်ဟု အထက်ပါ ကျိန္တလီဒေသခံက ပြောသည်။

“စက်တပ်ရေယာဉ်တွေ မထွက်ရဘူးလို့ ဟိုတစ်ရက်နှစ်ရက်က ကြေညာတယ်။ လောလောဆယ်တော့ ဒေသခံတွေ ဒုက္ခရောက်တာပေါ့” ဟု ၎င်းက ဆိုသည်။

ဂွမြို့နယ်အတွင်းသို့ ဆန်၊ ဆေးဝါးနှင့် စက်သုံးဆီများ တင်သွင်းခြင်းကိုလည်း စစ်ကောင်စီက တင်းကျပ်စွာ ပိတ်ပင်ထားသည်။

ထို့ပြင် စကခ ၅ အခြေစိုက် တောင်ကုတ်မြို့တွင် စစ်ကောင်စီက ခံစစ်ပြင်ထားသည်၊ အထပ်မြင့် အဆောက်အအုံများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

“စစ်တပ်ဘက်က အင်အားဖြည့်တာတော့ ခုလောလောဆယ်တော့ မတွေ့။ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ ရဟတ်ယာဉ်သုံးစီးနဲ့ အင်အားဖြည့်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ကုန်းလမ်း၊ ရေလမ်းများကို AA ပိတ်ဆို့ထားသောကြောင့် လေကြောင်းဖြင့်သာ အင်အားဖြည့်နေရသည်၊ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်တွင်လည်း တပ်စွဲထားသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ရေးငြိမ်သက်နေသော်လည်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံအများစု ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး မြို့ထဲတွင် သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေကာ ခိုးဆိုးလုယက်သူများ သောင်းကျန်းနေကြောင်း အထက်ပါ တောင်ကုတ်ဒေသခံ နောက်တစ်ဦးက ပြောသည်။

“တရားဥပဒေစိုးမိုးရေးက ပုံမှန်လည်ပတ်လို့မရှိဘူး။ သူခိုးတွေ သိပ်များလာတယ်။ ရဲတွေတော့ ရှိတော့ရှိကြတယ်။ ထွက်ပြေးသွားတဲ့သူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မာန်အောင်မြို့နယ်တွင်လည်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေသည်၊ မြို့ဝင်မြို့ထွက်တွင် စစ်ဆေးရေးဂိတ်များ ထပ်မံတိုးချဲ့ထားပြီး လေဆိပ်တွင်လည်း စစ်တပ်က နေရာယူထားသည်ဟု ဒေသခံများထံမှ သိရသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်တွင် ကျောက်တော်မြို့ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဘူးသီးတောင်မြို့တွင် စကခ (၁၅)၊ တောင်ကုတ်ခရိုင် တောင်ကုတ်တွင် စကခ (၅) တို့ ရှိကာ ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်ရင်းများ၊ နယ်ခြားစောင့်တပ်ရင်းများ၊ အမြောက်တပ်များ၊ ရဲစခန်းများဖြင့် ဖွဲ့စည်းထားကြသည်။

စကခ (၉) လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့ ၃ မြို့တွင် အခြေစိုက်ထားသော ခမရတပ်ရင်း ၁၀ ရင်းလုံးကို ဖေဖော်ဝါရီလဆန်းကတည်းက AA က သိမ်းယူထားသည်။

စကခ (၁၅) လက်အောက်ခံတပ်ရင်းအားလုံးကိုလည်း AA က ချေမှုန်းထားပြီးဖြစ်သည်။

စကခ (၅) သည် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် အခြေစိုက်ကာ လက်အောက်ခံ ခမရ၊ ခလရ တပ်ရင်း ၁၀ ရင်း ရှိကာ တောင်ကုတ်မြို့တွင် ခမရ ၃၄၆၊ ၅၄၄၊ အမ်းတွင် ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃၊ ကျောက်ဖြူတွင် ခမရ ၅၄၂၊ ၅၄၃၊ ဂွမြို့တွင် ခမရ ၅၆၂၊ ၅၆၃၊ သံတွဲတွင် ခမရ ၅၆၆ တို့ ရှိကြသည်။

ခမရ ၂ ရင်း၊ လေဆိပ်နှင့် သံတွဲမြို့ပေါ်ကို ထိန်းချုပ်ထားသည့် AA က လက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို ထပ်မံတိုက်နေသည်။

သံတွဲမြို့ကို သိမ်းပိုက်ရရှိပါက နယ်မြေတစ်ဆက်တည်းဖြစ်သော တောင်ကုတ်နှင့် ဂွတွင်လည်း တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက ယူဆသည်။

လက်ရှိတွင် သံတွဲအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တောရှိ လက်ကျန်တပ်စခန်းဖြစ်သော မြို့သူကြီး (နခခ ၅) ကို AA က တိုက်ခိုက်နေသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်နေသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *