ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် သပြုချိုင်ကမ်းရှိ ကွင်းဝိုင်းရေတပ်စခန်းကို အာရက္ခတပ်တော် (AA) ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂၂ ရက်တွင် ဂျိတ္တောကျေးရွာ တဖက်ကမ်း သပြုချိုင်ရှိ ကွင်းဝိုင်းရေတပ်စခန်းကို AA တပ်ဖွဲ့က ရှော့တိုက်ဒုံး၊ ဒရုန်း များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သံတွဲဒေသခံတစ်ဦးက ဆိုသည်။

၎င်းက “သံတွဲမြို့တိုက်ပွဲက ကွင်းဝိုင်းရေတပ်စခန်းကို ရောက်သွားပြီ။ မနေ့က ရေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်လို့ စစ် ကောင်စီဘက်က အရာရှိတွေပါ သေကြတယ်လို့ ကြားတယ်” ဟုပြောသည်။

သံတွဲမြို့နယ်အတွင်း လက်ကျန်စခန်းတခုဖြစ်သည့် ကွင်းဝိုင်းရေတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ခံရ၍ စစ်ကောင်စီသည် ယင်းစခန်းအနီးရှိ ကျွဲသောက်၊ မောင်ရွှေလေး၊ ကွင်းဝိုင်းကျေးရွာအနီးဝန်းကျင်အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ငပလီကမ်းခြေ AA လက်ထဲသို့ အလုံးစုံမကျရောက်ရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ တပ်ရင်းများကို ဂွမြို့က နေတဆင့် ကွင်းဝိုင်းရေတပ်စခန်းထံ ပို့ဆောင်ပြီး ထိုမှတဆင့် ဂျိတ္တောသို့ စစ်ကူအင်အားပို့ဆောင်နေစဉ် ထိုသို့ ရေတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ခံရကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီက ငပလီကို လက်မလွှတ်ရေးအတွက် ဂျိတ္တောကနေ ခံတိုက်နေတာ။ ဧရာဝတီတိုင်းကနေ စစ်အင် အားတွေကိုလည်း ဂျိတ္တောမှာ အင်အားဖြည့်ထားတာ။ အခု ရေတပ်စခန်းကို AA က သွားတိုက်လိုက်တော့ ဂွဘက်ကလည်း စစ်ကူမလာနိုင်၊ ရှိတဲ့စစ်သားတွေလည်း ဂျိတ္တောမှာ ပိတ်မိ၊ ကုန်းလမ်းက ရေတပ်ကို စစ်ကူသွားဖို့လည်း ရေတပ်ကို သွားတဲ့ လမ်းမှာရှိတဲ့ တံတားကို သူတို့ကိုယ်တိုင် မိုင်းခွဲလိုက်ပြီဖြစ်တဲ့အတွက် ရေ တပ်က ကူရာမဲ့ ဖြစ်နေတယ်” ဟုပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီသည် AA တပ်ဖွဲ့ဝင်များ ကွင်းဝိုင်းရေတပ်စခန်းသို့ အလွယ်တကူ လာရောက် မတိုက် ခိုက်နိုင်ရန် သံတွဲ- ဇလွန်လမ်းခွဲ ကွင်းဝိုင်းရေတပ်စခန်း သွားသည့်ကားလမ်းမပေါ်ရှိ တံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လတ်တလောအခြေအနေတွင် AA သည် ငပလီမြို့ရှိ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်း ၂ ခုလုံးကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် သံတွဲမြို့ရှိ အကျဉ်းထောင်ကိုပါ ဝင်ရောက်တိုက်ခိုက်ကာ သံတွဲမြို့ပေါ်ကို လက်ရှိအချိန်ထိ ထိန်းချုပ်ထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *