တိုက်ပွဲအတွင်း သေဆုံး၍ လျော်ကြေးငွေ သိန်း ၂၀ နှင့်အတူ ဆံပင် လက်သည်း ခြေသည်းများကို မိသားစုဝင်များထံပေးပို့

ဧရာဝတီတိုင်းက ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းလာသူ အချို့ တိုက်ပွဲအတွင်း သေဆုံး၍ လျော်ကြေးငွေ သိန်း ၂၀ နှင့်အတူ ဆံပင် လက်သည်း ခြေသည်းများကို မိသားစုဝင်များထံပေးပို့

ဧရာဝတီတိုင်းက ပြည်သူ့စစ်မှုထမ်းအချို့သည် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့်အတွက် လျော်ကြေးငွေ သိန်း ၂၀ နှင့်အတူသေဆုံးသူ၏ ဆံပင်၊ လက်သည်း၊ ခြေသည်းများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့က မိသားစုဝင်များထံ လျော်ကြေးအဖြစ်ပေးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံက သိရသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးလျှင် သက်စွန့်စရိတ်အဖြစ် လျော်ကြေး သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀)ကို မိသားစုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

“သင်တန်းဆင်းတာနဲ့ ရခိုင်ကို စစ်မှုထမ်းဖို့ လွှတ်တဲ့အထဲပါသွားတာ။ အဲဒီမှာပဲ သွားတာ။ ထောက်ပံ့ လျော်ကြေးပေးတာဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိပြီ ။ အလောင်းကသယ်မရတော့ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေ အိမ်လာပို့တယ်။ပြီးတော့လျော်ကြေးငွေပါ ပေးခဲ့တယ်” ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသည် ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာမှ ဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်နယ် ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရပြီး ရခိုင်တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်းဆင်းလျှင် စစ်တိုက်ခိုင်းခြင်းမပြုဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်များ စတင်တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ပြောဆိုသော်လည်း လက်ရှိတွင် တပ်သားအင်အားလိုအပ်ချက်များစွာရှိနေသည့်အတွက် စစ်မျက်နှာပြင်၌ အသုံးပြုရန် အတွက် ရှေ့တန်းသို့ပို့ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဆင်းခဲ့ကြသည့် သင်တန်းသားများကို ရှေ့တန်းသို့ပို့ဆောင်ရန် ကြိုတင်စီမံ၍ လျှို့ဝှက် ညွှန်ကြား ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သင်တန်းကျောင်းများမှ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ဆောင်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်းမျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျက်ရှိပြီး ပြီးခဲ့သည် ဇွန် ၂၇ ရက်နေ့က စစ်မှု ထမ်း သင်တန်းအမှတ်စဉ် (၃)ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁)မှ သင်တန်း ဆင်းခဲ့သူများမှာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ ပို့ဆောင်ခြင်းခံထားရပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၂)ကို သြဂုတ် လဆန်းပိုင်းတွင် သင်တန်း ဆင်းမည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) တို့တွင် စစ်မှုထမ်းဆောင်ရန် ချန်လှပ်ထားပြီး ၎င်းတို့နှင့်ပြေ လည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်း ဆောင်ရန် စာရင်းများထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ပုံစာ-ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၃) သင်တန်းသားများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *