မိုးကုတ်မြို့ကို​တော်လှန်​ရေးတပ်များ ထိန်းချုပ်

မိုးကုတ်မြို့မှ စစ်ကောင်စီဗျူဟာကုန်းကို TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မိုးကုတ်မြို့အား ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းမြစ်နှင့် နီးစပ်သူများကပြောသည်။

” မိုးကုတ်ဗျုဟာကို ရပါပြီ။ မိုးကုတ်က ပြီးသလောက်ဖြစ်သွားပါပြီ” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို “တံမျက်စည်းလှဲနေပြီ”ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း သတင်းနှင့် ဓာတ်ပုံမှတ်တမ်းအချို့ ထုတ်ပြန်ပေးနေသည့် TNLA တပ်ဖွဲ့ဝင်တဦးကလည်း ” အိမ်နဲ့ အဆက်အသွယ်မရလို့ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်”ဟု ဆိုကာ ကာကွယ်ရေးရဲဘော်များအား ပြည်သူများကကြိုနေသည့် ဓာတ်ပုံမှတ်တမ်းများကို ယနေ့ညနေ ၆ နာရီခန့်တွင် ထုတ်ပြန်ထားသည်။

ဇွန်လ၂၅ရက်မှစတင်သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မြို့အနောက်ပိုင်းမှ TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး မြို့အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို ဇူလိုင်လ ၁၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိုးကုတ်မြို့ကို စစ်ကောင်စီက ဇူလိူင်လ ၁၉ရက်မှစ၍ ယနေ့အထိ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည်။

မိုးကုတ်မြို့တိုက်ပွဲနှင့်ပတ်သက်၍ TNLAက ဇူလိုင်လ ၂၃ရက်ညက နောက်ဆုံးထုတ်ပြန်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီအကျအဆုံးများကြောင်း ထုတ်ပြန်ထားသည်။

မိုးကုတ်ဗျုဟာသိမ်းတိုက်ပွဲကို TNLA နှင့် မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားခြင်းမရှိသေးပေ။

(TNLA ဦး​ဆောင်​​သော ​တော်လှန်​ရေးတပ်များ မိုးကုတ်ဗျူဟာသိမ်းပြီး​နောက် ပြည်သူများက ​အောင်သ​ပြေဖြင့် ကြိုဆိုစဥ်။ဓါတ်ပုံ-Mai A Hein)


Comments

Leave a Reply

Your email address will not be published. Required fields are marked *