Non-CDM ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွရေးနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ စစ်ကောင်စီက ပို့ချ

အုပ်ချုပ်ရေးယန္တရား ပြိုလဲနေသည့် ရခိုင်ပြည်တွင် Non-CDM ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွရေးနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ စစ်ကောင်စီက ပို့ချ

ရခိုင်ပြည်အတွင်း တပ်စခန်းများနှင့် မြို့များကို AA က သိမ်းပိုက်နေသဖြင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေချိန် Non-CDM ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွရေးနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ စစ်ကောင်စီက ပို့ချနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အဆင့် စစ်ကောင်စီ ခေါင်းဆောင်များက ကျန်ရှိနေသော Non-CDM ဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်း ပေးအပ်ခြင်းနှင့် စကားဝိုင်းပြုလုပ်ပေးခြင်းဖြင့် စည်းရုံးနေကြောင်း သိရသည်။

ရခိုင်ပြည် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းကို ဇူလိုင်လ ၂၂ ရက်မှ ၃၀ ရက်အထိ စစ်တွေမြို့ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီက သင်တန်းနှင့် စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ လတ်တလော ဖြစ်ပေါ်နေသော ဒေသမတည်ငြိမ်မှုများ ကာလအတွင်း ဝန်ထမ်းများ၏ စိတ်ဓာတ်များ အစဉ်တက်ကြွစွာ တာဝန်ထမ်းဆောင်စေရေးဖြစ်သည်ဟု ရခိုင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

စစ်ရေးပြင်းထန်လာခြင်းနှင့်အတူ AA ၏ တိုက်တွန်းနှိုးဆော်မှုများကြောင့် ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များက ဝန်ထမ်းအများစုမှာ အလုပ်မှနှုတ်ထွက်ကာ ဘေးလွတ်ရာကို စစ်ရှောင်နေကြသည်။

AA ၏ ထိုးစစ်နှင့် သိမ်းပိုက်မှုများကြောင့် စစ်ကောင်စီ လုပ်ငန်းများ မလည်ပတ်နိုင်သလို ဝန်ထမ်းများ ဘေးလွတ်ရာ စစ်ရှောင်မှု များပြားခြင်းကြောင့်လည်း အုပ်ချုပ်ရေးယန္တရား ပြိုလဲနေ၍ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းများဖြင့် စစ်ကောင်စီက စည်းရုံးနေခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ရှိနေဆဲ စစ်တွေမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက ” ဝန်ထမ်းတွေက တိုက်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတယ်ဆိုပြီး ပြည် နယ်အစိုးရအဖွဲ့က စွမ်းရည်မြှင့် သင်တန်းတွေ ဌာနအလိုက် ပေးနေတာရှိတယ်။ စိတ်ဓာတ်တက်ကြွလာစေဖို့နဲ့ ဝန်ထမ်းတွေ အလုပ် ကောင်းကောင်း ပြန်လုပ်နိုင်အောင်ပေါ့နော်။ ” ဟု ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်ဒေသတို့တွင် ဝန်ထမ်းများ အလုပ်အပေါ် အာရုံစိုက်စေရန်နှင့် ဝန် ထမ်းများ မနုတ်ထွက်ရေး ပြည်နယ်စစ်ကောင်စီက ရရာနည်းလမ်းများဖြင့် စည်းရုံးနေခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမှာ တဖြေးဖြေး ကျယ်ပြန့်လာပြီး ရခိုင်မြောက်ကနေ တောင်ပိုင်းမြို့များအထိ ရောက်ရှိနေကာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များက ဒေသခံပြည်သူများအနေဖြင့် အချိန်မီ ဘေးလွတ်ရာကို သွားရောက်ခိုလှုံကြရန် AAက အကြိမ်ကြိမ် အသိပေးတိုက် တွန်းနေသည်။

Non-CDM ဝန်ထမ်းတချို့နှင့် ဒေသခံပြည်သူများမှာ မြို့မှစွန့်ခွာ တိမ်းရှောင်လို‌သော် လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ တားဆီးပိတ်ပင်မှုနှင့် ခြိမ်းခြောက်မှုကို ခံနေရသည်ဟု သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *