UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်လာသည့် ရက် ၂၀ ခန့်အတွင်းတွင် စစ်တပ်သည် ရှမ်းမြောက်ရော၊ မန်းမြောက်တွင်ပါ အခြေမလှ ဖြစ်လာသည်။ မန်းမြောက်တွင် မန္တလေး PDF နှင့် ပူးပေါင်းအင်အားများက မတ္တရာမြို့နယ်အတွင်း စခန်း ၂၈ ခုခန့် သိမ်းပိုက်ခဲ့ပြီး မတ္တရာအနီး ကျောက်တံတား၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတို့အထိ တိုက်ပွဲများ ရောက်လာသည်။

မြောက်ဘက်တွင်လည်း စဉ့်ကူးမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရ၏။ မန္တလေး PDF နှင့် ပူးပေါင်းအင်အားများသည် မန်းမြောက်တိုက်ပွဲများတွင် သုံ့ပန်းအများအပြား ဖမ်းမိခဲ့၏။ မန်းမြောက်သို့ စစ်ကူအဖြစ် စစ်ကိုင်းတိုင်းတွင် စစ်ဆင်ရေးတာဝန်ယူနေသော စကခ ၄ မှ တပ်များအပြင် အနောက်တောင်တိုင်း-ပုသိမ်မှ တပ်ရင်းကိုပင် ဆွဲထုတ်အသုံးပြုနေရ၏။

ထို့ပြင် မိုးကုတ်၊ မိုးမိတ်မြို့များတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မန္တလေး PDF, မိုးကုတ် ဗျူဟာ PDF နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပူးပေါင်းအင်အားများက တိုက်ခိုက်နေရာ မြို့များအား စီးနင်းမိထားပြီး စစ်စခန်းများအား ဆက်လက် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေဆဲ ဖြစ်သည်။ မန္တလေးမြောက်ဘက် ဧရာဝတီအရှေ့ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်း၊ မိုးကုတ်၊ မိုးမိတ်တလျှောက် တိုက်ပွဲများ ဖြစ်ပွားနေ၏။ မိုးမိတ်အထက် မဘိန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထား၏။ တကောင်းဘက်တွင် KIA နှင့် ပူးတွဲနေသည့် PDF များ၏ စစ်ရေးလှုပ်ရှားမှုကို တွေ့ရ၏။

ရှမ်းမြောက်တွင် ပို၍အခြေအနေဆိုးသည်။ နောင်ချိုမြို့နှင့် နောင်ချိုအခြေစိုက် ခြေမြန်တပ်ရင်းဌာနချုပ်နှစ်ခု၊ ဒုံးတပ်ရင်းဌာနချုပ်တခုအား TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထား၏။ TNLA က ကျောက်မဲမြို့ကို သိမ်းပိုက်ထားပြီး ကျောက်မဲအခြေစိုက် စကခ ၁ ဌာနချုပ်နှင့် ခြေမြန်တပ်ရင်းဌာနချုပ် နှစ်ခုအား ဝိုင်းပတ်တိုက်ခိုက်နေ၏။

ဇူလိုင်လ ၃ ရက်နေ့မှစ၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်များက လားရှိုးမြို့အား ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လာသည်။ နန့်ပေါင်တံတားနှင့် တပ်ရင်းဌာနချုပ်အား MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့သို့ ဦးတည်ချီတက် တိုက်ခိုက်ခဲ့၏။ လားရှိုးအား ပတ်ပတ်လည်မှ ဝိုင်းထားပြီး မြို့တွင်းသို့ ချဉ်းနင်းဝင်ရောက်လာရာ စခန်းအချို့ သိမ်းပိုက်ရပြီး သုံ့ပန်းများ၊ လက်နက်ချများကို တွေ့နေရ၏။ လားရှိုးမြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်နိုင်သဖြင့် လေယာဉ်ဆင်းရန်ပင် မလွယ်ကူတော့ဘဲ ရိက္ခာ၊ ခဲယမ်း၊ ထောက်ပို့ပစ္စည်းများအား လေထီးဖြင့် ချပေးနေရ၏။

လားရှိုးနှင့် တန့်ယန်း ကားလမ်း‌ပေါ်ရှိ နန့်ပေါင်တံတားနှင့် တပ်ရင်းဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် လားရှိုးသာမက တန့်ယန်းနှင့် မိုင်းရယ်လည်း အန္တရာယ်ရှိလာ၏။ တကယ်လည်း MNDAA, TNLA နှင့် ပူးပေါင်းအင်အားများက စတင်တိုက်ခိုက်လာသည်။

ပထမ ခြေလှမ်း

ဤသို့သော အခြေအနေတွင် စစ်ကောင်စီ ကက်ဘိနက်သည် တန့်ယန်းအား ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သို့လည်းကောင်း၊ မိုင်းရယ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သို့လည်းကောင်း ထိုးပေးပြီး ထိုနှစ်မြို့အား ထိန်းသိမ်းရန် ကြိုးစားလာသည်။ စစ်ကောင်စီ၏ ကက်ဘိနက်တွင် ဤကိစ္စအား အခြေအတင် ငြင်းခုံကြသည်ဟု ဆို၏။

UWSA ကို ဆွဲသွင်းလိုက်ပါက ထိုင်းနယ်စပ်ကဲ့သို့ပင် UWSA က ဆုတ်ပေးတော့မည် မဟုတ်ဟု အမြင်ရှိသူတို့ ပေါ်လာသည်။ သို့နှင့် တန့်ယန်းအား UWSA သို့ ထိုးပေးပါက UWSA အမြဲထိန်းချုပ်သွားလိမ့်မည်ဟု အမြင်ရှိပြီး တန့်ယန်းကို UWSA အား ထိုးပေးရန် လက်မခံသူ ဒု ဗိုလ်ချုပ်ကြီးတဦး နုတ်ထွက်စာ တင်ခဲ့ရသည်ဟုဆိုသည်။

ထို့နောက် တန့်ယန်းနှင့် မိုင်းရယ်အား UWSA နှင့် SSPP သို့ လွှဲပေးရန် စစ်ကောင်စီက ဆုံးဖြတ်ခဲ့ကြ၏။ သို့နှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှတဆင့် UWSA ကို ဆက်သွယ်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှတဆင့် SSPP ကို ဆက်သွယ်ခဲ့သည်။ တန့်ယန်းမြို့တွင်းသို့ UWSA တပ်များ၊ SSPP တပ်များသည် မိုင်းရယ်မြို့တွင်းသို့ ဇူလိုင်လ ၁၀၊ ၁၁ ရက်နေ့များမှ စတင်ဝင်ရောက်လာခဲ့သည်။

စစ်ကောင်စီသည် UWSA ကို တန့်ယန်းမှ ဟိုရ (တန့်ယန်း-မိုင်းရယ်လမ်းခွဲ) အထိနှင့် တန့်ယန်း၊ ဟိုရမြောက်ဘက်ရှိ ပါဖန်၊ နောင်လိုင်ခွင်အား လွှဲပြောင်းပေးခဲ့သည်။ SSPP ကို မိုင်းရယ်မြို့၊ ဆောင်ကျဲ၊ စိန်ကျော့၊ နန့်လန်တို့တွင် စစ်တပ်နှင့် ပူးတွဲနေရာယူခွင့်ပြုပြီး တန့်ယန်းနှင့် မိုင်းရှူးကြားရှိ လွယ်လန်းတောင်ကြောပေါ်ရှိ စစ်ကောင်စီ စခန်းအားလုံးအား စွန့်လွှတ်ကာ SSPP အား ထိန်းချုပ်ခွင့်ပြုခဲ့၏။

စစ်ကောင်စီ၏ အကြံမှာ တန့်ယန်း၊ မိုင်းရယ်ဒေသတွင် မြို့များတွင် UWSA နှင့် SSPP တပ်များအား စစ်ကောင်စီတပ်နှင့်အတူလည်းကောင်း၊ မြို့ပြင်စခန်းများတွင် UWSA နှင့် SSPP တပ်များ သက်သက်ထား၍လည်းကောင်း MNDAA နှင့် TNLA ၏ တိုက်ခိုက်မှုကို ကြားခံထားရန် ရည်ရွယ်ပုံရ၏။ တန့်ယန်း၊ မိုင်းရယ်တို့အား UWSA နှင့် SSPP တို့က ရေရှည်ထိန်းချုပ်‌သွားမည့် အလားအလာရှိသည်ကို သိသော်လည်း လတ်တလော ပြဿနာ ပြေလည်ရေးကို ရည်ရွယ်ပြီး အရှည်ကို မစဉ်းစားဘဲ ပြုလုပ်သည်ဟု ဆိုရမည်။

ဒုတိယခြေလှမ်း

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်ခန့်တွင် ပန်ဆန်းသို့ ကျိုင်းတုံမှတဆင့် နေပြည်တော်မှ စစ်ဘက်အရာရှိကြီးတဦး မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့၏။ ရဟတ်ယာဉ်ဖြင့်လာလျှင် အများ သတိပြုမည်ဖြစ်သဖြင့် မော်တော်ကားဖြင့် လာပုံရ၏။

အဆိုပါ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်အဆင့် စစ်ဘက်အရာရှိကြီး ကိုယ်တိုင်လာ၍ UWSA ခေါင်းဆောင်များကို လာရောက် တောင်းဆိုသည့်အချက်မှာ UWSA တပ်များ၊ SSPP တပ်များ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတပ်များ စုစည်း၍ ရှမ်းပြည်ကြီး မပြိုကွဲစေရန်အတွက် MNDAA, TNLA နှင့် မြောက်ပိုင်းသုံးဖွဲ့၏ ရှေ့ဆက်တိုးမည့် ခြေလှမ်းများကို ဟန့်တားပေးပါရန်၊ အဓိက လားရှိုး မကျရေး တားဆီးပေးပါရန် ဖြစ်သည်ဟု သိရ၏။

ဤကိစ္စအတွက် အပေးအယူအဖြစ် တန့်ယန်းအရှေ့ဘက် ဝဒေသရှိ တာကော်အက်၊ မန်ကန်၊ လွယ်ပန်လုံ၊ မန်မန်းဆိုင်တို့မှ စစ်တပ်အင်အား လျှော့ချ ဖယ်ရှားပေးခြင်း၊ မိုင်းခတ်၊ မိုင်းယန်းမြောက်ဘက်နှင့် အနောက်မြောက်ဘက် ဝနယ်ရှိ ပန်မကောက်၊ ထင်းရူးတောင်၊ မော်ဖာ၊ မက်မန်းတို့မှ စစ်ကောင်စီတပ်များ ဖယ်ရှားလျှော့ချပေးခြင်း ပြုလုပ်ခဲ့သည်ဟု သိရ၏။

အလားအလာ

ဤသို့ စစ်ကောင်စီ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ NDAA မိုင်းလားသည် မည်သည့်နည်းနှင့်မှ MNDAA ကို တိုက်မည်မဟုတ်ပေ။ မိုင်းလား ခေါင်းဆောင် စိုင်းလင်းနှင့် MNDAA ခေါင်းဆောင် ဆက်ဆံရေးမှာ သာမန် မဟာမိတ်ဆက်ဆံရေးထက်ပိုသော သမီးယောက်ဖ ဆက်ဆံရေး၊ ဆွေမျိုးသားချင်း ဆက်ဆံရေးဖြစ်၏။ ထို့ပြင် ကိုးကန့်တပ်ဖွဲ့ဆိုသည်မှာ မိုင်းလားဒေသတွင် အရာအားလုံး ပြင်ဆင်ပြီး ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်၏။ SSPP မှာလည်း သူ့အနေအထားအရ ဝင်ပါဖွယ် မရှိပေ။

သို့ဖြစ်ရာ UWSA ၏ အဆုံးအဖြတ်သာ အရေးကြီးပေရာ စစ်ကောင်စီ၏ တောင်းဆိုချက်ကို မည်သို့ တုံ့ပြန်မည်ဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်၏။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ခေါင်းဆောင်ပြီး UWSA, NDAA, MNDAA တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေတ်ကတည်းက လက်တွဲခဲ့ကြသည့် သွေးသောက်ရဲဘော်များအဖြစ် သဘောထားသော UWSA သည် စစ်ကောင်စီအရာရှိကြီး စကားကို ပြုံး၍နားထောင်ပြီး မည်သို့မှ တုံ့ပြန်မည့်ပုံ မပေါ်ပေ။ သူပြန်သွားလျှင် ရယ်မောနေကြမည် ထင်သည်။ စစ်ကောင်စီလိုချင်သလို ဖြစ်နိုင်ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းပါးသည်။

သို့သော် စစ်တပ်ကမူ လားရှိုးကို UWSA တပ်ဝင်လာရေး အတော်မျှော်လင့်ထားပုံရ၏။ ဇူလိုင်လ ၁၈၊ ၁၉ ခန့်၌ လူမှုကွန်ရက်စာမျက်နှာများတွင် လားရှိုးမြို့တွင်းသို့ UWSA ယာဉ်တန်းများ ဝင်လာသည်ဟူသည့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေသည်ကို တွေ့ရ၏။ သို့သော်လည်း လားရှိုးသို့ မည်သည့် UWSA တပ်မှ မရောက်ပေ။ အပစ်ရပ်ရက် ကုန်ဆုံးသည့် ဇူလိုင် ၁၉ ရက်မှစ၍ လားရှိုးမြို့ လေးဘက်လေးတန်မှ MNDAA က ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။

စစ်တပ်ခေါင်းဆောင်များလည်း အတော် မိုက်မဲရူးသွပ်သည်ဟု ဆိုရမည်။ အကယ်၍ လားရှိုးသို့ UWSA တပ်များ ရောက်လာပါကလည်း လားရှိုးအား UWSA တပ်ဖွဲ့က သိမ်းပိုက်မည်သာဖြစ်၏။ လားရှိုးမှ UWSA တပ်များ ပြန်လည် ထွက်ခွာတော့မည် မဟုတ်ပေ။ လက်ရှိ စစ်တပ်သဘောတူညီချက်ဖြင့် ဝင်နေသည့် တန့်ယန်းဒေသရှိ UWSA တပ်များသည် စစ်တပ်က ပြန်ခိုင်းသည့်အချိန် ပြန်လိမ့်မည်ဟု စစ်တပ်ခေါင်းဆောင်များက ယူဆနေလျှင် အတော် မိုက်မဲရူးသွပ်သူများ၊ အတော်ညံ့ဖျင်းသည့် စစ်တပ်ခေါင်းဆောင်များဟုသာ ဆိုရပေမည်။ ထိုနယ်များသည် UWSA ထိန်းချုပ်နယ်မြေများ ဖြစ်သွားပေပြီ။

ဤသို့ စစ်ကောင်စီက UWSA ကို မျက်နှာအောက်ချ၍ လာရောက် တောင်းဆိုရခြင်းမှ အချက် နှစ်ချက်ကို ထင်းရှားစွာ တွေ့နိုင်၏။

ပထမအချက်မှာ လားရှိုးအပါအဝင် ရှမ်းမြောက်ကို ထိန်းထားနိုင်ရန် မလွယ်ကူတော့ဟု စစ်ကောင်စီ လက်ခံထားပြီဖြစ်၏။ လားရှိုးကို မစွန့်လွှတ်ရရန် နယ်မြေအချို့အား UWSA နှင့် SSPP တို့အား ထိုးကြွေးပြီး တတ်စွမ်းသမျှ ကြိုးစားကြည့်ခြင်း ဖြစ်ပုံရ၏။ သို့သော် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်ဖို့များ၏။

ဒုတိယအချက်မှာ တရုတ်ကို စစ်ကောင်စီက အားမကိုးလို၍ UWSA ဘက် လှည့်လာခြင်း ဖြစ်ပုံရ၏။ သို့သော် စစ်ကောင်စီ၏ UWSA အား ဦးတည်ပြီး ရှမ်းမြောက်တွင် သွေးခွဲရေးဗျူဟာ ကျင့်သုံးရန် ကြိုးစားသည့် ခြေလှမ်းမှာ အလုပ်မဖြစ်ပေ။

တကယ်တမ်း လားရှိုးတိုက်ပွဲကိစ္စတွင် ဝင်ပါမည့်သူမှာ တရုတ်သာရှိ၏။ တရုတ်ကွန်ဂရက် ကာလအတွင်း ဇွန် ၁၄ ရက်မှ ၁၈ ရက်အထိ ကိုးကန့်တို့ အပစ်ရပ်ပြီး ၁၉ ရက်နေ့တွင် အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့၏။ သို့သော် ချက်ချင်းဆိုသလို တရုတ်အစိုးရ၏ တောင်းဆိုချက်အရ ဇူလိုင်လ ၁၉ ရက်မှ ၃၁ ရက်နေ့ထိ ယာယီအပစ်ရပ်ကြောင်း MNDAA က ထပ်မံ ကြေညာခဲ့ပြန်သည့်အချက်က ထူးဆန်း‌နေ၏။

လက်ရှိ တရုတ်တို့၏ တောင်းဆိုချက်အရ MNDAA အပစ်ရပ်ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီ သက်တမ်းတိုးရမည့်အချိန်နှင့် ချိန်ကိုက်ဖြစ်နေသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေ၏။ UWSA ကို ဦးတည် သွေးခွဲရန် ကြိုးစားပြီး လားရှိုးကို ထိန်းသိမ်းရန် ကြိုးစားမှု မအောင်မြင်သည့် စစ်ကောင်စီနှင့် လက်တံရှည်သည့် တရုတ်တို့၏ ခြေလှမ်းအား ဆက်လက် ကြည့်ရှုရပေဦးမည်။

ကိုဦး/ဧရာဝတီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *