တိုင်းပြည်စီးပွားရေးအခက်အခဲဖြစ်ကာ ကျပ်ငွေတန်ဖိုး ထိုးကျဟု မင်းအောင်လှိုင်ညည်းတွား

NUG က စီးပွားရေးပိတ်ဆို့ရန် လှုံ့ဆော်ပြီး တိုင်းရင်းသားလက်နက်ကိုင်များက ကုန်သွယ်ရေးလမ်း ကြောင်းများ ပိတ်ဆို့သဖြင့် တိုင်းပြည်စီးပွားရေးအခက်အခဲဖြစ်ကာ ကျပ်ငွေတန်ဖိုး ထိုးကျဟု မင်းအောင်လှိုင်ညည်းတွား

အမျိုးသားညီညွတ်ရေးအစိုးရ-NUG က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ရန် လှုံ့ဆော်ပြီး တိုင်းရင်းသားလက်နက်ကိုင်များက ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ဆောင်ရွက်သဖြင့် တိုင်းပြည်စီးပွားရေးအခက်အခဲဖြစ်နေရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညည်းတွားကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ကောင်စီဝင်များ၏ အစည်းအဝေးများတွင် ထိုသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညည်းတွားနေခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်အောင် ဆောင် ရွက်နိုင်သော ရေခံ၊ မြေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် NUG အမျိုးသားညီညွတ်ရေးအစိုးရက စီးပွားရေး အရ ပိတ်ဆို့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများကို နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်း များကြောင့် တိုင်းပြည်စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း၊ နိုင်ငံ့စီးပွားရေး မကောင်းမွန်တော့ဘဲ ကျပ်ငွေတန်ဖိုး ထိုးကျနေရခြင်းမှာ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ နှောင့်ယှက်မှုများကြောင့်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ကြောင့် စီးပွားရေးပိတ်ဆို့မှုနှင့် ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နေမှုများကို ကျော်လွှားနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေး ပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်များကို ဖြစ်နိုင်သမျှ လျှော့ချရန် ၊ မြန်မာနိုင်ငံမှ ထွက်ကုန်များကို ပို့ကုန်အဖြစ် တင်ပို့ရန်၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံရေးကို အလေးထားရန်၊ အထူးသဖြင့် နှစ်စဉ် ပျှမ်းမျှ စားသုံးဆီ ဒေါ်လာ သန်း ၅၀၀ မှ သန်း ၆၀၀ အတွင်း ပြည်ပမှ တင်သွင်းနေရမှုကို ပြည်တွင်း ဆီဖူလုံအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျမှုကို လျော့ကျစေမည်ဖြစ်ကြောင်း၊ သယံဇာတများ တရားမဝင် ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် တရားမဝင် ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ကြရန် စစ်ခေါင်းဆောင်က ညွှန်ကြားသည်။

ထို့အတူ မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီ တင်သွင်းမှုများကိုလည်း တတ်နိုင်သမျှ လျှော့ချပြီး နိုင်ငံခြားငွေ ကုန်ကျမှု နည်းပါးစေရေး ဆောင်ရွက်ရန်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *