မန္တလေးမြို့ပေါ် စစ်အုပ်စုက သိသိသာသာ ခံစစ်ပြင်နေ

မန္တလေးမြို့ပေါ် စစ်အုပ်စုက သိသိသာသာ ခံစစ်ပြင်နေပြီး ရဲစခန်းနဲ့ ဂိတ်တွေရှေ့ ဘန်ကာတွေ တိုးချဲ့ ဆောက်

မန္တလေးမြို့ပေါ် အာဏာသိမ်း စစ်အုပ်စုက သိသိသာသာ ခံစစ်ပြင်နေပြီး ရဲစခန်း၊ ရုံးနဲ့ ငွေညှစ်ဂိတ်တွေရှေ့ သဲအိတ်တွေ ထပ်တိုး ကာရံသလို ဘန်ကာတွေ တိုးချဲ့ ဆောက်လုပ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

မန္တလေးမြို့အနီးက မတ္တရာနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်နေသလို မတ္တရာနဲ့ ပုသိမ်ကြီးနယ်စပ်က ရွာတွေအထိ တိုက်ပွဲတွေ ရောက်ရှိလာချိန် စစ်အုပ်စုက မန္တလေးမြို့ပေါ်ရှိ ရဲစခန်းတွေနဲ့ ရပ်ကွက်ရုံးတွေ ရှေ့မှာ သဲအိတ်ကာပြီး ဘန်ကာ ထပ်တိုးဆောက်တာ၊ လမ်းတဝက်ပိတ်ပြီး ဂိတ်ချတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

ဇူလိုင်(၂၄)ရက်မှာ ဒီမနက်ပိုင်း မန္တလေးမြို့အနှံ့က ရပ်ကွက်ရုံးနဲ့ ရဲစခန်းတွေရှေ့မှာ သဲအိတ် ဘန်ကာတွေ တိုးချဲ့နေပြီး လမ်းတဝက်အထိ တက်ပိတ်နေတာတွေလည်း တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက မန္တလေးမြို့တွင်းက ရဲစခန်းတွေရဲ့ရှေ့မှာ သဲအိတ်တွေ ချကာ ဘန်ကာဆောက်ပြီး လမ်းပိတ်ဆို့တာတွေ လုပ်ထားပေမယ့် လက်ရှိမှာ ပိုမိုတိုးချဲ့နေတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“အရင်ကထက် အများကြီး ပိုတိုးထားတယ်။ ရောင်ပြန်တွေလည်း ကပ်နေတယ်။ လမ်းကို ကားတစ်စီး သွားရရုံလေးတွေတင်ပဲ ဖွင့်ထားတယ်”

ဒီလို လမ်းပိတ် ဘန်ကာချတာတွေကို မြို့အဝင်အထွက်နဲ့ နီးတဲ့ စခန်းတွေမှာ အဓိကထား လုပ်နေပြီး အိမ်စီးကားအသေး တစ်စီးစာ သွားလာလို့ရရုံသာ နေရာသာချန်ထားတယ်လို့ ဆိုပါတယ်။

“အချိန်မရွေး လမ်းကို ပိတ်ဖို့ လွယ်အောင်လုပ်ထားတာ။ စခန်းတွေရှေ့ လမ်းတွေက သာမန် အချိန်တောင် ပိတ်နေတာ၊ အခုလို လမ်းပိတ်လိုက်တော့ ပိုဆိုးသွားပြီ”

တချိန်တည်းမှာပဲ ဒီမနက်ပိုင်းက စလို့ မန္တလေးမြို့ အဝင်အထွက်နေရာတွေမှာ စစ်အုပ်စု၊ ရဲ၊ မော်တော်ပီကယ်၊ ပျူ၊ မီးသတ်တွေနဲ့ ပူးပေါင်း စစ်ဆေးတာတွေကို ပိုမို တင်းတင်းကြပ်ကြပ် ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မန္တလေးတောင်ပေါ်မှာ နေရာယူတပ်စွဲတာ၊ မန္တလေးမြို့တွင်းက စျေး၊ ကျောင်းနဲ့ လမ်းဆုံလမ်းခွ အချက်အချာကျတဲ့ နေရာတွေက အထပ်မြင့် အဆောက်အအုံတွေမှာ နေရာယူတပ်စွဲတာ၊ မန္တလေးမြို့အဝင်အထွက် နေရာတချို့မှာ ဂိတ်အသစ်တွေ တိုးချဲ့ဖွင့်ပြီး တပ်စွဲတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

ဇွန်(၂၅)ရက်မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးနယ်တွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စဉ့်ကူးမြို့ အပါအဝင် စစ်စခန်း အများအပြားကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ ဇူလိုင်(၁၇)ရက်က စလို့ စဉ့်ကူးနယ် တနယ်လုံး စစ်အုပ်စု ကင်းစင်ပြီလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ကြေညာထားပါတယ်။

စစ်အာဏာသိမ်းစက မန္တလေးမြို့ပေါ်က ရဲစခန်းနဲ့ ရုံးတွေရှေ့ သံအိတ်ကာ ဘန်ကာဆောက်ထားတဲ့ စစ်အုပ်စု/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *