လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလာဟလ သာဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားနေ

လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလာဟလသာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၂၄ ရက်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ပစ်လိုက် မပစ်လိုက်ပဲ။ လားရှိုး ထောင် ပွင့်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ဘက်က အမြဲ လက်နက်ကြီး ပစ်နေတာ။ လေယာဉ်တွေနဲ့ကော ပစ် ဆိုတော့ လွယ်လွယ်နဲ့တော့ ဝင်လို့ မရပါဘူး။” လို့ လားရှိုး ဒေသခံ အမျိုးသား တ​ယောက်က ပြောပါတယ်။

နစက တပ်ဖွဲ့တွေကတော့ မြို့ထဲ နေရာ အနှံ့ နေရာယူထားကြကာ လက်နက်ကြီး ပစ်ကူ‌တာတွေ လေယာဉ်နဲ့ ကင်းလှည့်နေတာတွေ တချိန်လုံး ရှိနေတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲက ငြိမ်နေတယ် ဆိုပေမယ့် ပုံသေတွက်လို့ မရပဲ ဖြစ်ချင်တဲ့ အချိန် ထဖြစ်တယ်လို့ သူက ပြောပါတယ်။

“၆၈ နဲ့ ၄၁ မကျပါဘူး။ တပ်စခန်းတွေတော့ မကျပါဘူး။ သတင်းတွေတော့ စခန်းကျပြီလို့ ထွက်နေတာပဲ။ ကာကင်း‌ ‌ဖြစ်မယ်။ ထွက်တဲ့သူတွေလည်း ထွက်ကုန် ဆိုတော့။” လို့ သူက ရှင်းပြပါတယ်။

ဒီနေ့တော့ လေယာဉ်ကွင်း မီးပွိုင်ဘက်နား နည်းနည်း အခြေအနေ ဆိုးနေတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

စခန်းတွေ ကျခဲ့ ရင်တော့ လက်နက်ကြီးနဲ့ လေကြောင်းနဲ့ ပစ်နေတာကြောင့် စခန်းချ နေထိုင်ဖို့ မဖြစ်နိုင်းဘူးလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

၆၈ တပ်စခန်းကြီး ကျသွားတာ မဟုတ်ပဲ ၆၈ နားဘက်က မိုင်းတင် စခန်းကျတာဖြစ်ကာ ၄၁ တပ်ဘက်ကလည်း ကာကင်းစခန်း တစ်ခု ကျတယ်လို့ သိရတယ် လို့ ဆိုပါတယ်။

ခလရ – ၄၁ စစ်ကြောရေး မှာ ပို့ဆောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ် မြောက်လာ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသေးစိတ်တော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ဘက်တော့ ဒီရက်ပိုင်းအတွင်း ရက်ဆက် လေကြောင်း ကြဲခံရတာရှိပြီး ဒေသခံတွေအများစုက နယ်စပ်ဘက်နဲ့ ဝ ပြည်ဘက် စစ်ရှောင် သွားကြတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုး နဲဘ အနီးဝန်းကျင် ပတ်ပတ်လည်ကို MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို မြောက်ပိုင်းမဟာမိတ်တပ်များက ဆက်လက် တိုက်ခိုက်နေပြီး တပ်ရင်းတချို့ကို အပြီးသတ် သိမ်းပိုက်ပြီးဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို တစ်ခုပြီး တစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ လက်ရှိတွင် တပ်ရင်း ၂ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရှိထားကြောင်း MNDAA ၏ ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။

ယမန်နေ့တွင် ခလရ ၆၈ ၊ ခလရ ၄၁ နှင့် ခမရ ၅၀၇ တို့ကို မဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ကြောင်း၊ တပ်ရင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ရှေ့တန်း စစ်ရေး အခြေအနေမှာ ရှုပ်ထွေးပြီး စစ်ရေးတင်းမာမှုများ မြင့်တက် နေကြောင်း၊ လားရှိုးအတွင်းသို့ မြောက်ပိုင်းမဟာမိတ်တပ်များက စစ်ကြောင်းကြီးများခွဲ၍ ဆက်တိုက် ဝင်ရောက်နေကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

“ခလရ ၆၈ ၊ ခလရ ၄၁ ၊ ခမရ ၅၀၇ တို့ကို ကျနော်သိသလောက်တော့ သိမ်း ပိုက် ပြီးပြီလို့ သိရပါတယ်။ သိမ်းတဲ့ မဟာမိတ်စစ်ကြောင်းတွေက တစ်ခုနဲ့ တစ်ခုမတူသလို လားရှိုးထဲကို ထပ်ပြီး ဝင်နေတဲ့ စစ်ကြောင်းတွေကလည်း မတူညီဘူး။ နောက်တစ်ခါ သိမ်းလိုက်တဲ့အချိန်မှာ ဟိုဘက်က စစ်ကူတွေ အလုံး အရင်း ပြန်ဝင်လာရင်၊ လေယာဉ်နဲ့ ဗုံးလာကျဲရင် ပြန်ဆုတ်ရတယ်။ ဒီဘက်စစ်ကြောင်းက စစ်တပ်စခန်းသိမ်းနေတာကို ဟိုဘက်စစ်ကြောင်းက မသိတာမျိုးတွေလည်းရှိတယ်။ ဆက်သွယ်ရေး ဖုန်း လိုင်းတွေလည်း မရဘူး။ သိမ်းတယ်၊ မသိမ်းဘူးဖြစ်နေတာ အဲဒီပြဿနာပါ။ ရှေ့တန်းမှာလည်း စစ်ရေးအခြေအနေက ရှုပ် ထွေးတဲ့အပြင် စစ်ရေးတင်းမာမှုက အမြင့်ဆုံးရောက်နေပါတယ်။ မဟာမိတ်တပ်တွေဘက်မှာလည်း အထိအခိုက် တွေရှိတယ်” ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ အထက်မန်အိုင်ရှိ ခမရ ၅၀၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်သားအလောင်းများ၊ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း လားရှိုးတွင် လက်နက်ကြီးပစ်ခတ်သံများ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများကြားနေရကြောင်း၊ ရပ်ကွက် ၁၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၇ ဘက်တို့တွင် ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- MNDAA တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *